25 C
Yangon

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း စစ်တပ် သတ်မှတ်စျေးဖြင့် ရောင်းချပေးရ ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၀၀ ကျပ်ကျော်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃သိန်းဝန်းကျင်စျေးတန်းရှိ

Must read

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း စစ်တပ် သတ်မှတ်စျေးဖြင့် ရောင်းချပေးရ ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၀၀ ကျပ်ကျော်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃သိန်းဝန်းကျင်စျေးတန်းရှိ

ရန်ကုန်၊ ဇွန် ၈

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၀၀ ကျပ်ကျော်နှင့် မီးလင်းရွှေ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းဝန်းကျင် စျေးတန်းရှိနေကြောင်း ပြည်တွင်းရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနေ့ ညနေပိုင်းမှာ ရွှေစျေးက ၅၄ သိန်းလောက်ပိတ်တယ်။ ဒါပေမယ့် ကမ္ဘာ့ရွှေစျေး နည်းနည်းပြန်ကျလို့ မြန်မာ့ရွှေစျေးက ၅၃ သိန်းဝန်းကျင်စျေးရှိတယ်။ အရောင်းအဝယ်ကတော့ ပြင်ပစျေးကွက်အနေနဲ့ စျေးဖွင့်တယ်။ စျေးတန်းရှိတယ်။ ရန်ကုန်ရွှေအသင်းက သတ်မှတ်စျေးကတော့ အလုပ်မဖြစ်ဘူး။ဒါပေမယ့် စစ်တပ်က ဖိအားပေးလို့ ရွှေဆိုင်တွေက ရွှေတချို့တော့ လူတွေကို ပြန်ရောင်းပေးတာရှိတယ်။ အဲဒါကလည်း လူတစ်ဦးကို တစ်ပဲ၊ နှစ်ပဲပဲ။ သတ်မှတ်စျေးကတော့ ရန်ကုန်ရွှေအသင်းကသတ်မှတ်တဲ့ အခေါက်ရွှေတစ်ကျပ်သား ၄၈ သိန်းဝန်းကျင်နဲ့ရောင်းပေးတာ။ အဲဒါ စစ်တပ်က ဖိအားပေးထားလို့ ရောင်းပေးရတာ” ဟု ရန်ကုန်ရွှေကုန်သည်က ပြောဆိုသည်။

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း ရောင်းချပေးရာတွင် နေ့စဉ် ကြိတ်ကြိတ်တိုး တန်းစီတိုးဝယ်ယူနေကြကြောင်း၊ ရွှေဆိုင်ပိုင်ရှင်များ စစ်တပ်က ဖမ်း၀ရမ်းထုတ်ထား၍ စစ်တပ်၏ သတ်မှတ်စျေးဖြင့် မဖြစ်မနေ ရောင်းချပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။

“အောင်သမာဓိဆိုင်မှာတော့ တစ်နေ့ကို လူတစ်ဦး သူတို့တတ်နိုင်တဲ့ ပမာဏနဲ့ ရွှေတစ်ပဲ၊ နှစ်ပဲ ရောင်းပေးတာရှိတယ်။ လူတွေကတော့ တန်းစီနေတာ ကြိတ်ကြိတ်တိုးပဲ။ အဲဒီမှာ ဝယ်ပြီး အပြင်မှာ ပြန်ရောင်းတော့လည်း မြတ်တယ်လေ။ အဲဒါကြောင့် ကြိတ်ကြိတ်တိုးကို စီနေကြတာ” ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ပြည်တွင်းတွင် ရွှေစျေးနှင့်ငွေစျေးများ မြင့်တက်ခြင်းမှာ ဝိသမ စီးပွားရေးသမား ကြောင့်ဟုဆိုကာ အပြစ်တင်လိုက်ပြီး အရေးယူမှုများ လုပ်ဆောင်နေကြောင်း ဇွန်လ ၇ ရက်နေ့ စစ်ကောင်စီအစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်၊ အောင်သမာဓိရွှေဆိုင်တွင် လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲ နှုန်းဖြင့် အနည်းငယ် ရောင်းချပေးနေမှုကို တန်းစီနေသော လူအုပ်ကြီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article