25 C
Yangon

ဆေးရုံတက်နေသည့် ဖခင်ဖြစ်သူကို အိပ်မပျော်အောင် လုပ်မှုဖြင့် မြန်မာနိုင်ငံသား လူနာတစ်ဦးကို ထိုင်းရဲက ပစ်သတ်မှု ကျူးလွန်သူကို ဖမ်းဆီးရရှိ ၊ ပစ်သတ်ခံရသူမှာ ဖြူးမြို့နယ်၊ စနဲကုန်းကျေးရွာမှ ကိုကျော်စွာအောင်ဆိုသူဖြစ်

Must read

ဆေးရုံတက်နေသည့် ဖခင်ဖြစ်သူကို အိပ်မပျော်အောင် လုပ်မှုဖြင့် မြန်မာနိုင်ငံသား လူနာတစ်ဦးကို ထိုင်းရဲက ပစ်သတ်မှု ကျူးလွန်သူကို ဖမ်းဆီးရရှိ ၊ ပစ်သတ်ခံရသူမှာ ဖြူးမြို့နယ်၊ စနဲကုန်းကျေးရွာမှ ကိုကျော်စွာအောင်ဆိုသူဖြစ်

ရန်ကုန်| ဇွန် ၉

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်နေသော မြန်မာနိုင်ငံသား ကျော်စွာအောင်ကိုပစ်သတ်ခဲ့သူမှာ ထိုင်ရဲတပ်ကြပ်ကြီး တစ်ဦးဖြစ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဇွန်လ ၇ ရက်နေ့ နံနက်အစောပိုင်းတွင် အကြိတ်ခွဲစိတ်ကုသရန် ဆေးရုံတက်နေသော အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုကျော်စွာအောင်၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခဲ့ပြီးနောက် သေနတ်သမားက ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသော မြန်မာနိုင်ငံသားကို ဆေးရုံဝန်ထမ်းများက အရေးပေါ်ဆောင်သို့ ပို့ဆောင်ကုသပေးခဲ့သော်လည်း ခဏအကြာတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ ပစ်သတ်သွားသူ သေနတ်သမားမှာ အသက် ၃၄ နှစ်အရွယ် ထိုင်းရဲဖြစ်ပြီး ယမန်နေ့ ဇွန်လ ၈ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း၊ ဆေးရုံတွင် မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

အဖမ်းခံရသည့်အချိန်တွင် အဆိုပါရဲမှာ စိတ်ဖိစီးမှုများနေပြီး စိတ်ရှုပ်ထွေးနေခဲ့သော်လည်း မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သည်ကို ဝန်ခံထားကြောင်း ခွန်ကယ်ရဲမှူးက ပြောထားသည်။

လူနာကိုကျော်စွာအောင်က ဘေးကုတင်တွင် ဆေးရုံတက်နေသော သူ၏ ဖခင်ကို စိတ်အနှောက်အယှက် ဖြစ်စေသဖြင့် ဒေါသထွက်ကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဝန်ခံထားသည်။

ပစ်သတ်သူ ထိုင်းရဲက အသတ်ခံရသူ မြန်မာနိုင်ငံသားနှင့် ယခင်က လုံးဝတွေ့ဆုံဖူးခြင်းမရှိဘဲ ဆေးရုံတက်မှသာ ပထမဆုံး ဆုံဖူးကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား၏ စိတ်အနှောက်အယှက်ဖြစ်စေသော အပြုအမူများကို သူမကြိုက်ကြောင်း ထွက်ဆိုထားသည်ဟု ရဲမှူးက သတင်းထောက်များကို ပြောသည်။

ယင်းအပြုအမူများက သူ့ကို သေနတ်ဖြင့် ပစ်ခတ်စေရန် အားပေးခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ပစ်ခတ်ခဲ့ရသည်ကိုမူ မသိတော့ကြောင်း သေနတ်သမားရဲက ထွက်ဆိုထားသည်။

မြန်မာနိုင်ငံသားကြောင့် ဖခင်ဖြစ်သူက စိတ်အနှောက်အယှက်ဖြစ်နေပြီး အိပ်မရဖြစ်နေသည်ကို ပြောကြားဖူးကြောင်း မိသားစုဝင်များကလည်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

ဆေးရုံတွင် လူနာကိုကျော်စွာအောင်က ညနက်သည်အထိ မိုဘိုင်းလ်ဂိမ်းများ ဆော့လေ့ရှိသူဖြစ်သဖြင့် အခြားသူများကို အနှောက်အယှက်ဖြစ်စေနိုင်သော်လည်း သေနတ်ဖြင့် ပစ်သတ်ခံရသည်အထိ လွန်ကျူးထားခြင်းမရှိကြောင်း သေဆုံးသူ လူနာကိုကျော်စွာအောင၏ ရည်းစားဖြစ်သူကလည်း ရဲတပ်ဖွဲ့သို့ ပြောကြားထားသည်။

ပြစ်မှုကျူးလွန်သူ ထိုင်းရဲသည် စိတ်ဖိစီးသည့် ရောဂါနှင့် နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး ဆေးသောက်နေရသူလည်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူက ရဲတပ်ဖွဲ့ကို ပြောကြားထားသည်။

ထို့နောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေခဲ့ပြီး သေနတ်သမားဖြစ်သူ ထိုင်းရဲကို ဖခင်ဖြစ်သူက အဖမ်းခံရန် နားချရာမှ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် သေနတ်သမားဖြစ်သော ထိုင်းရဲကို လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုများဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

(မူလသတင်းတွင် ဖော်ပြထားသော ကျော်စွာဝင်း ဆိုသော အမည်နေရာတွင် ကျော်စွာအောင်ဟု ပြင်ဆင်ဖတ်ရှုပါရန်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article