25 C
Yangon

သြစတြေးလျ Cornerstone Resources ကုမ္ပဏီက အကြမ်းဖက် စစ်အုပ်စုနှင့်တွဲဖက်၍ သတ္တုတွင်း လုပ်ငန်းနှင့် ရေကာတာစီမံကိန်းများ လုပ်ကိုင်နေမှု JFM ဖော်ထုတ်

Must read

သြစတြေးလျ Cornerstone Resources ကုမ္ပဏီက အကြမ်းဖက် စစ်အုပ်စုနှင့်တွဲဖက်၍ သတ္တုတွင်း လုပ်ငန်းနှင့် ရေကာတာစီမံကိန်းများ လုပ်ကိုင်နေမှု JFM ဖော်ထုတ်

ရန်ကုန်၊ ဇွန် ၁၀

သြစတြေးလျ Cornerstone Resources ကုမ္ပဏီက အကြမ်းဖက် စစ်အုပ်စုနှင့် တွဲဖက်၍ သတ္တု တွင်း လုပ်ငန်းနှင့် ရေကာတာစီမံကိန်းများ လုပ်ကိုင်နေကြောင်း Justice For Myanmar က အစီရင်ခံစာ ထုတ်ပြန် ဖော်ထုတ်လိုက်သည်။

Cornerstone Resources (Myanmar) Limited သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် သြစတြေးလျ ဆက်စပ် သတ္တုတူးဖော်သော ကုမ္ပဏီဖြစ်ပြီး ဩစတြေးလျ ဘီလျံနာသူဌေးကြီး Mark Creasy ရှယ်ယာပါဝင်သည်ဟု ယူဆရသည့် သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခု၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီသည် သွပ်သတ္တု တူးဖော်ပြီး ဓာတ်သတ္တုသန့်စင် စက်ရုံတစ်ခုကိုလည်း ဖွင့်လှစ်လုပ်ကိုင်ကြောင်း ၊ အကြမ်း စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်လည်း ဗြိတိသျှဗာဂျင်ကျွန်းစုများ (BVI) မှ တဆင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင် ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုမ္ပဏီကို “Cornerstone Resource (Myanmar) Ltd, Australia” က အပြည့်အဝ ပိုင်ဆိုင်ကြောင်း မြန်မာနိုင်ငံ၏ ထိုအချိန်က အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ ထုတ်ပြန်ချက် ဒေတာဘေ့စ်သို့ ကုမ္ပဏီက တင်သွင်းခဲ့ပြီး ငွေကြေးစိုက်ဝင်သူအဖြစ် ဩစတြေးလျဟု ဖော်ပြခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေလအထိ ကုမ္ပဏီသည် အနောက် သြစတေးလျ အခြေစိုက် ရုံးလိပ်စာဖြင့် ဖော်ပြထားသော ပြေစာများကို ထုတ်ပြန်ခဲ့ကြောင်း သိရှိသည်။

Cornerstone Resources သည် အာဏာသိမ်း ကြိုးပမ်းမှု နောက်ပိုင်း စစ်အုပ်စု စီးပွားရေး လုပ်ငန်းစုကြီး MEC နှင့် စီးပွားရေးဆက်လက် လုပ်ဆောင်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်မှုသည် BVI တွင် မှတ်ပုံတင် ထားသည့် Cornerstone Resources အနေဖြင့် ယူကေနိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ဖွယ် ရှိကြောင်း၊ ယခု ဖော်ပြချက်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် JFM၊ REDRESS နှင့် Australian Centre for International Justice တို့က BVI အုပ်ချုပ်ရေးမှူးနှင့် ယူကေနိုင်ငံ ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုများ ဖော်ဆောင်ရေးရုံးကို တင်သွင်းခဲ့သည့် အမှုတွဲဖိုင် အပေါ်တွင် အခြေခံထားခြင်းကြောင်း ဖြစ်ကြောင်း JFM ကပြောဆိုသည်။

Cornerstone သည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လုပ်ငန်းများကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး အမှတ် (၁) သတ္တုတွင်း လုပ်ငန်းနှင့် ထုတ်လုပ်မှု ခွဲဝေရေးစာချုပ် (PSC) ချုပ်ဆိုလုပ်ကိုင်ခဲ့ကြောင်း၊ Cornerstone ၏ လုံချိန်သတ္တုတွင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ်အတွင်း မြေဧရိယာ ၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကြောင်း၊ လုပ်ပိုင်ခွင့်လိုင်စင်သည် “သွပ်သတ္တုတူးဖော်ရေးနှင့် ထုတ်ယူခြင်းအတွက် ဓာတ်သတ္တုစမ်းသပ်ရှာဖွေရေးနှင့် ဖြစ်နိုင်ခြေလေ့လာမှု” လုပ်ငန်းများ အားလုံးကို ခွင့်ပြုပေးခဲ့ကြောင်း၊ ကနဦး လုပ်ကိုင်ခွင့်ကာလသည် စီးပွားဖြစ်ထုတ်လုပ်မှု စတင်သည့်နေမှစ၍ နှစ် ၂၀ ဖြစ်ပြီး သက်တမ်းတိုးခွင့် ပါရှိကြောင်း သိရသည်။

Distributed Denial of Secrets (DDoS) ထံမှ ပေါက်ကြားလာသော ၁၉၉၉ ခုနှစ် စီမံကိန်းသဘောတူစာချုပ်တွင် ကုမ္ပဏီက ထုတ်လုပ်မှု ခိုင်ကြေး ၃ ရာခိုင်နှုန်းကို သတ္တုတွင်းဦးစီးဌာနသို့ ပေးရန် သဘောတူညီခဲ့ကြောင်း၊ ကျန်ရှိသည့် သွပ်သတ္တုထုတ်လှုပ်မှု ၉၇ ရာခိုင်နှုန်းကို Cornerstone အတွက် ၇၀ ရာခိုင်နှုန်းနှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်း အတွက် ၃၀ ရာခိုင်နှုန်း ခွဲဝေခဲ့ကြောင်း၊ ထိုသဘောတူစာချုပ်ကို ပြင်ဆင်ခြင်းမရှိပါက ထိုစာချုပ်သည် ၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး JFM အနေဖြင့် စာချုပ် သက်တမ်းတိုးခြင်း ရှိမရှိကို မသိရှိကြောင်း JFM ကပြောဆိုသည်။

ထို့ပြင် Cornerstone ကုမ္ပဏီသည် ဆက်စပ်စက်ရုံ တစ်ခုဖြစ်သည့် လျှပ်စစ်ဖြတ်စီးနည်းသုံး သွပ်သန့်စင်စက်ရုံကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်ပြင်ကျေးရွာအုပ်စုတွင် တည်ဆောက်ခဲ့ကြောင်း၊ အဆိုပါစက်ရုံသည် တစ်နှစ်လျှင် LME တန်ပေါင်း ၁၀,၀၀၀ (သွပ်သတ္တု ၉၉.၉၉ ရာခိုင်နှုန်း) ကို သန့်စင်နိုင်စွမ်းရှိပြီး ပြည်တွင်းနှင့် နိုင်ငံခြားလုပ်ငန်းများအတွက် တိုးချဲ့ဆောင်ရွက်ရန် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အထိ ရရှိသည့် အချက်အလက်များအရ Cornerstone Resources ၏ အဓိက ပိုင်ရှင်များတွင် တရုတ်နိုင်ငံ၏ Datong Industrial Co.၊ Mark Creasy ပိုင်ဆိုင်သည့် ဩစတြေးလျကုမ္ပဏီ Yandal Investments Pty. Ltd. နှင့် မြန်မာ ကုမ္ပဏီ EAP Global Mining Co. Ltd တို့ ပါဝင်ပြီး EAP Global Mining Co. Ltd. သည် Unilever ၏ မြန်မာမိတ်ဖက် Europe & Asia Commercial Co. Ltd. (EAC) နှင့် စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုထဲအောက်တွင် ပါဝင်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ အထိ စာရင်းအရ Cornerstone ၏ မြန်မာစီးပွားရေး လုပ်ငန်းတွင် ဖော်ပြထားသည့် ဒါရိုက်တာများမှာ မြန်မာနိုင်ငံသား ၂ ဦးဖြစ်သည့် ထွန်းထွန်းနိုင်၊ EAP Global Mining ပိုင်ရှင် ကျော်ဝင်းအောင်နှင့် မကြာသေးမီက ကွယ်လွန်သွားခဲ့သည့် ဩစတြေးလျနိုင်ငံသား Roger Jardine တို့ ဖြစ်ပြီး BVI ၏ ကော်ပိုရိတ်မှတ်ပုံတင်စာရင်းရှိ သတင်းအချက်အလက်များကို ကြည့်ရှုနိုင်ခြင်း မရှိသည့်အတွက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ဖျက်သိမ်းသွားခဲ့သည့် Cornerstone ၏ မိခင်ကုမ္ပဏီရှိ ဒါရိုက်တာများ၏ အချက်အလက်များကို JMF က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ Roger Jardine နှင့် BVI အခြေစိုက် Cornerstone Resources တို့သည် လိပ်စာတစ်ခုတည်းကို အသုံးပြုထားကြောင်း သိရသည်။

Cornerstone သည် ဗြိတိသျှဗာဂျင်ကျွန်းစုများတွင် ကုမ္ပဏီ မှတ်ပုံတင်ထားရှိခြင်းကြောင့် ယူကေဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်နိုင်ဖွယ်ရှိပြီး ဗြိတိသျှဗာဂျင်ကျွန်းစုများသည် ယူကေ ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာ အကောင်အထည်ဖော်ရသည့် ဗြိတိသျှနယ်ခြား ပိုင်နက် နယ်မြေတစ်ခုဖြစ်ကြောင်း၊ ဥပမာအားဖြင့် ၂၀၂၀ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ဒဏ်ခတ်ပိတ်ဆို့မှု ပြဌာန်းချက်များ (“ယူကေပြဌာန်းချက်များ”) ကို BVI နယ်မြေကပါ လိုက်နာစေရန် အမိန့်ညွှန်ကြားချက်တစ်ရပ်ဖြင့် တိုးချဲ့ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကို ဒဏ်ခတ် ပိတ်ဆို့မှုချမှတ်ရာတွင် အဆိုပါ “ယူကေပြဌာန်းချက်များ” ကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် ယင်းစစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးအား ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီးနောက်ပိုင်း Cornerstone Resources နှင့် MEC တို့အကြား လုပ်ငန်းဆောင်ရွက်မှု အများအပြားကို JFM က တွေ့ရှိခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် MEC သို့ အနည်းဆုံး သွပ်သတ္တုရောင်းချမှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ငွေကျပ်တန်ဖိုး ၁.၂ ဘီလီယံ (ဩဇီဒေါ်လာ ၀.၉ မီလီယံ) ရှိသော စုစုပေါင်း သွပ်သတ္တု ၁၅၅ မက်ထရစ်တန်ရှိခဲ့ကြောင်း JFM သို့ လျှို့ဝှက်ပေါက်ကြားလာသည့် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်း များအရ သိရကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၂ မတ်လအထိ ကုမ္ပဏီသည် ၎င်း၏ သွပ်သန့်စင်စက်ရုံအတွက် ငွေကျပ်တန်ဖိုး ၇၆၈ သန်း (ဩဇီဒေါ်လာ ၀.၆ သန်း) ရှိသော ကျောက်မီးသွေးတန်ပေါင်း ၃၁,၉၀၀ ကို MEC ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ယူကေနိုင်ငံက “စစ်အုပ်စုထံ ဘဏ္ဍာငွေများ ရရှိစေခြင်းဖြင့် ကြီးလေးသော လူ့အခွင့် အရေး ချိုးဖောက်မှုများတွင် ပါဝင်မှု၊ ထို့ပြင် တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆက်နွှယ်မှု” ကြောင့် MEC အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး Cornerstone ကုမ္ပဏီသည် ME 1 ထံမှ အရည်ကျိုသတ္တုချေးများကိုလည်း ဝယ်ယူခဲ့ကာ ပေါက်ကြားလာသော ပြည်တွင်းဝယ်ယူမှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများအရ ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငွေကျပ်တန်ဖိုး ၂ ဒသမ ၇ ဘီလီယံ (ဩဇီဒေါ်လာ ၂ ဒသမ ၁ သန်း) ရှိသော အရည်ကျိုသတ္တုချေး တန် ၄၀,၀၀၀ ကို ME 1 ထံမှ ဝယ်ယူခဲ့ကြောင်း၊ သို့ရာတွင် ကုမ္ပဏီ၏ ပြည်တွင်းဝယ်ယူမှု ဖော်ပြချက်တွင် တန် ၂၀,၀၀၀ ၏ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၃၇,၁၀၀ (ဩဇီဒေါ်လာ ၅၂,၉၈၅) ဟု ဖော်ပြထားသည်ဟု JMF ကပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း Cornerstone ကုမ္ပဏီသည် တောင်ကိုးရီးယား စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Hanil Chemical၊ Methoxide Thailand Limited၊ အိန္ဒိယကုမ္ပဏီ Phoenix Industries Limited၊ ဆွစ်အခြေစိုက်ကုမ္ပဏီ Access World AG ၏ အင်ဒိုနီးရှားကုမ္ပဏီခွဲ PT. KALIMANTAN Steel နှင့် တရုတ် ကုမ္ပဏီ Ruli JinTong Import & Export Co., Ltd များထံ ကျပ်ငွေ ၁၈ ဘီလီယံ (ဩဇီဒေါ်လာ ၁၃ မီလီယံ) တန်ဖိုး ရှိသော သွပ်ချောင်း ၃,၄၇၅ တန်ချိန်ကျော်ကို တင်ပို့ခဲ့ပြီး ကာလတူ ဘဏ္ဍာရေးနှစ်အတွင်း Cornerstone ကုမ္ပဏီသည် အမြတ်ငွေ ကျပ် ၁၁ ဘီလီယံ (ဩဇီဒေါ်လာ ၈ မီလီယံ) ရှာဖွေနိုင်ခဲ့ကြောင်း အခွန်ငွေ စာရွက်စာတမ်းများအရ သိရှိရသည်။

ထိပ်တန်း အခွန်ပေးဆောင်သူစာရင်းတွင် ပါရှိလေ့ရှိသည့် Cornerstone ကုမ္ပဏီသည် ထိုကာလအတွင်း စစ်အုပ်စုထံ ၎င်း၏ အမြတ်ဝေစုအပြင် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်ငွေ ၆၇၇ သန်း (ဩဇီဒေါ်လာ ၀ ဒသမ ၅ မီလီယံ) ကို ပေးဆောင်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုကြောင့် Cornerstone Resources ၏ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့နိုင်ခဲ့လိမ့်မည် ဖြစ်ပြီး ၎င်းတို့၏ ထိတွေ့ဆက်ဆံမှုသည် စစ်အုပ်စုကို တရားဝင်မှုပေးအပ်ခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း စစ်အုပ်စု ပေးအပ်သည့် နောက်ထပ် စီးပွားရေးအခွင့်အလမ်းများကိုလည်း ရရှိခဲ့ကြောင်း၊ စစ်အုပ်စု၏ ဝါဒဖြန့်ချိမှုများက ကုမ္ပဏီ၏ လှုပ်ရှားမှုများကို အသုံးပြုခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများသည် စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ကာ စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ မတ်လတွင် Cornerstone Resources သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စစ်အုပ်စုကျင်းပသည့် ကုန်သွယ်ရေး ပြပွဲတွင်လည်း ပါဝင် ပြသခဲ့ပြီး ယင်းပွဲသို့ စစ်အုပ်စု ခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း၊ စစ်အုပ်စု ဝါဒဖြန့်မှုများတွင် မင်းအောင်လှိုင်သည် စီးပွားရေး စွန့်ဦးတီထွင်သူ များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

စစ်အုပ်စုနှင့် Cornerstone တို့ ဆက်ဆံရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုမ္ပဏီသည် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့် နမ့်ဆန်ရေကာတာစီမံကိန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါခွင့်ပြုချက် အတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် စစ်အုပ်စု ထိန်းချုပ်ထားသည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်သွင်း ခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရေကာတာသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခါရှီးကျေးရွာတွင် တည်ရှိသည့် Cornerstone Resources ၏ သွပ်သန့်စင် စက်ရုံအတွက် စက်မှု လုပ်ငန်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးကြောင်း ၊ အဆိုပါရေကာတာကို တရားမဝင် စစ်အုပ်စု လက်ထက်တွင် ခွင့်ပြုပေးခဲ့ပြီး ဖောင်ဆောင်ခဲ့သည် ဆိုသည့်အချက်က Cornerstone Resources ၏ စီးပွားရေးလုပ်ထုပ်လုပ်နည်းများနှင့် ပတ်သက်၍ နောက်ထပ် စိုးရိမ်ပူပန်မှုများ မြှင့်တက်လာစေခဲ့သည်ဟု JFM က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article