ရန်ကုန်၊ ဇွန် ၁၃
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ပြည်သူ့စစ် ခေါ် ပျူစောထီးစုပေါင်းအဖွဲ့များထူထောင်ပြီး ဖမ်းဆီးစစ်ဆေး ငွေညှစ်ခြင်းနှင့်ပစ္စည်း လုယက်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်ကြီးကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကျော်လင်းနှင့် အိုင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဌေးမြင့်အောင်တို့ က ဦးဆောင်ပြီး ပျူစောထီး လူ ၄၀ ဦးဝန်းကျင်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့ထားကြောင်း၊ ၎င်းတို့ကိုယ်တိုင် လက်နက်များဝယ်ယူထားသည့်အပြင် စစ်ကောင်စီတပ်ကလည်း လက်နက်များတပ်ဆင်ပေးထားကြောင်း ဒေသခံများကပြောသည်။
အဆိုပါ ကုန်ကြီးကျေးရွာ၊ အိုင်ကြီးကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပျူစောထီးအဖွဲ့များ၏ ရန်ပြုမည်ကို အနီးအနားရှိ ညောင်ဇင်ကျေးရွာ၊ ရွာမကျေးရွာ၊ ကံတိုင်ကျေးရွာ၊ ကံသစ်ကုန်ကျေးရွာ၊ ထိန်းစမ်းကျေးရွာ၊ ဂွေပင်ကြီးကျေးရွာ၊ ဂွေးပင်လေးကျေးရွာ တုံရွာ၊ ကံတောက်ကျောင်ကျေးရွာများမှ ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေရကြောင်း သိရှိရသည်။
ဇွန်လ ၅ ရက်နေ့တွင် ထိုပျူစောထီးအဖွဲ့များက အနီးအနားပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ၏ အစားအသောက်များနှင့် အိမ်အသုံး အဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ပြီး နေအိမ်အချို့ကို ဖျက် ဆီးခဲ့ကြောင်း၊ နေအိမ် ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာမှာ နရွဲတောကျေးရွာဖြစ်ပြီး ပြည်သူများပိုင်ဆိုင်သော ဆိုင်ကယ်၊ အဖိုးတန်ပစ္စည်းများ၊ စားသောက်ကုန်များယူဆောင်သွားကြကြောင်း သိရှိရသည်။
“ကျနော်တို့မှာ အဲဒီပျူစောထီး ကြောက်ရ၊ စစ်တပ် ကြောက်ရ ဖြစ်နေတယ်။ ကျေးရွာတွေမှာ အေး အေးချမ်းချမ်းနေလည်း အနိုင်ကျင့်ခံနေရတယ်” ဟု ချောက်မြို့နယ်ရှိ ပြည်သူတစ်ဦးက ပြောဆိုသည်။
ပျူစောထီးများက လုယက်အနိုင်ကျင့်ခဲ့သည့် နရွဲတောကျေးရွာအုပ်စုတွင် အိမ်ခြေ တစ်ထောင်ကျော်ရှိကြောင်း၊ ပျူစောထီးများက ဇွန်လ ၃ ရက်နေ့တွင် ကံတိုင်ကျေးရွာမှ ပြည်သူ ၃ ဦး ၊ နရွဲတောကျေးရွာမှ ကလေးငယ် ၁ ဦး တို့ကို ဖမ်းဆီးထားကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်တပ်လက်အောက်ခံ ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar