34 C
Yangon

စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ၊ သံတွဲမြို့နယ်မှ စစ်ရှောင်ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ

Must read

စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ၊ သံတွဲမြို့နယ်မှ စစ်ရှောင်ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ

ရန်ကုန် | ဇွန် ၁၅

စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်မှုကြောင့် ရခိုင်ပြည် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှ ကျေးရွာအချို့မှာ ယခုရက်ပိုင်းအတွင်းကစ၍ တိမ်းရှောင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။

တိမ်းရှောင်နေရသည့် ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုး၊ အောင်ဇေယျ၊ ခမောင်းတော၊ ကန်ချောင်းနှင့် ပေါက်တောမြို့နယ် ကြိမ်ခွေမော် သဝင်ချောင်းတို့အပါအဝင် ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့နယ်ကို စစ်တွေရှိ စစ်ကောင်စီတပ်ရင်းနှင့် ရေတပ်တို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံများတိမ်းရှောင်နေရသည်ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။

“စစ်တွေကနေလက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ရွာတွေမှာကျတယ်။ စစ်တွေကနေအရင်ကတည်းက ခုလိုပစ်ခတ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အခုကပိုဆိုးလာတော့ ဘယ်သူမှမနေရဲကြတော့တာ။ ဒါကြောင့် လက်နက်ကြီးကျတဲ့ ကျေးရွာကဒေသခံတွေဟာ တစ်ခြားနယ်တွေမှာ သွားရှောင်နေကြတယ်” ဟုပြောသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုလည်း ထိုနည်းတူစွာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ကျေးရွာအချို့မှ ဒေသခံအများစုမှာ စစ်ဘေးထပ်ရှောင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် တန်ဘက်လှန်းရွာ ဒေသခံတစ်ဦးက ဆိုသည်။

“ပုဏ္ဏားကျွန်းက စစ်တွေနဲ့နီးတော့ ဘယ်အချိိန်မဆိုလှမ်းပစ်လိုက်ရင်ကျလာနိုင်တယ်။ ဒါကကျနော်တို့နယ်ခံတွေရဲ့စိုးရိမ်မှုပါ။ အခုလည်း ပုဏ္ဏားကျွန်းနယ်တွေမှာ လက်နက်ကြီးတွေနေ့စဥ်နီးပါးဆိုသလိုကျနေတာကြားနေမြင်နေရတော့ အများအားဖြင့် ကျေးရွာတွေကနေရှောင်ဖို့တွေးနေကြပြီ။ စစ်ရှောင်လို့ရောက်တာဖြင့် ဘာမှမကြာသေးဘူး ထပ်ရှောင်ကြရတော့မယ့်အခြေနေကတော့ တော်တော်ဆိုးပါတယ်” ဟုပြောသည်။

ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံများမှာ ၎င်းတို့ဒေသတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားစဉ်ကလည်း နီးစပ်ရာဒေသများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရမှုများရှိခဲ့ပြီး လက်ရှိတွင်လည်း မိမိဒေသတွင်းပြန်လည်နေထိုင်နိုင်မှုမရှိသူများလည်း အများအပြားရှိနေသေးသည်။

ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ AA မှအပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ လေကြောင်းရေကြောင်း အသုံးပြုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှု၊ လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးမှုတို့ မကြာခဏရှိနေသည့် ဒေသများလည်းဖြစ်သည်။

ထို့ပြင် ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး စစ်ရှောင်အရပ်သားများလည်း နေ့စဉ်တိုးလာနေကာ အရေးပေါ် စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံတကာအကူအညီများနှင့် အရပ်ဘက်အသင်းအဖွဲ့အစည်းများ၏ အကူ အညီများမှာလည်း ဝင်ရောက်ကူညီမှု နည်းပါးနေပြီး မိုးတွင်းရာသီဖြစ်၍ အဓိက စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြသည်။

သံတွဲမြို့ပေါ်မှ အရပ်သားပြည်သူများ အားလုံးနီးပါးမှာ ကျေးလက်ဒေသများနှင့် AA ထိန်းချုပ်ရာနေရာဒေသများသို့ သွားရောက်ခိုလှုံလျှက်ရှိကြောင်းနှင့် သံတွဲမြို့နယ်တွင် စစ်ရှောင်အရေအတွက် သောင်းချီ ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article