27 C
Yangon

ရန်ကုန်၊ မကွေးနှင့် ပဲခူးတို့တွင် စစ်ကောင်စီတပ်များ၊ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများထံမှ ငွေညှစ်မှုနှင့် ခြိမ်းခြောက် ငွေတောင်းခံမှုများ အလွန်များပြားနေပြီး ပြည်သူများ ဒုက္ခရောက်နေ

Must read

ရန်ကုန်၊ မကွေးနှင့် ပဲခူးတို့တွင် စစ်ကောင်စီတပ်များ၊ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများထံမှ ငွေညှစ်မှုနှင့် ခြိမ်းခြောက် ငွေတောင်းခံမှုများ အလွန်များပြားနေပြီး ပြည်သူများ ဒုက္ခရောက်နေ

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ပျဉ်းပင်လှကျေးရွာအုပ်ချုပ်ရေးမှူး သန်းလွင်က ပြည်သူများကို အစည်းအဝေး ခေါ်ယူပြီး စစ်မှုထမ်းဆောင်ရန် မဲပေါက်သွားကြသည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀ ပေးရမည်ဟု ခြိမ်းခြောက် တောင်းဆိုနေကြောင်း သိရှိရသည်။

ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ပျဉ်းပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သန်းလွင်က ပြည်သူများကို အစည်းအဝေးခေါ်ယူကြောင်း၊ အိမ်ခြေ ၄၀၀ ရှိသော ပျဉ်းပင်လှကျေးရွာမှ ပြည်သူများကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀ နှုန်း လစဉ် ကောက်ခံမည်ဖြစ်ကြောင်း၊ ငွေကျပ် သိန်း ၂၀ ရရှိရေး ကောက်ခံမည်ဖြစ်ပြီး စစ်မှုထမ်းရန်မဲပေါက်သွားသော လူငယ်များ၏ မိဘများကို ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ချောက်မြို့နယ်၊ ၀ရကုန်းကျေးရွာတွင် စစ်ကောင်စီက မဲနှိုက် ရွေးချယ်လိုက်သော လူငယ် ၂ ဦးမှာ ထွက်ပြေးသွားသဖြင့် အခြားကျေးရွာများရှိ လူငယ်များကို ဖမ်းဆီးရန် စစ်တပ်က ရောက်ရှိလာကြောင်း၊ စစ်သားများက ၀ရကုန်ကျေးရွာမှ ပြည်သူများအနေဖြင့် စစ်မှုမထမ်းလိုပါက တစ်အိမ်ထောင်လျှင် ၁၂၀၀၀၀ နှုန်းဖြင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးအတွက် ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀ တောင်းခံသွားကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ချောက်ခရိုင်၊ စလေမြို့တွင်လည်း စစ်ကောင်စီခန့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများက စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အပြင် ပြည်သူများကိုပါ ဖမ်းဆီး ငွေညှစ်နေကြောင်း သိရှိရသည်။

“စလေမြို့က CDM လှုပ်ရှားမှုမှာ ရာနဲ့ချီတဲ့ စက်ရုံဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာပေါင်းစုံက ပြည်သူ့ဝန်ထမ်း တွေ ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီက ဒေသခံတွေကို အငြိုးထားပြီး နှိပ်ကွပ်နေတယ်။ စစ်ကောင်စီက စလေမြို့ပေါ်က ငွေကြေးတတ်နိုင်သူတချို့နဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေမှာ ဉီးဆောင်ပါဝင်ခဲ့သူတွေကို ဖမ်းဆီးပြီး ငွေညှစ်တာ၊ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာတွေ ပြုလုပ်နေတယ်။ အချို့လည်း လွတ်မြောက်ဒေသတွေကို ထွက်ပြေးနိုင်ခဲ့ပါတယ်။ စစ်ကောင်စီက ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဉပဒေ အသက်သွင်းပြီးတဲ့နောက် စစ်ကောင်စီခန့် ရပ်ကွက် နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ငွေကြေး မတတ်နိုင်တဲ့ လက်လုပ်လက်စားတွေိကို အတင်းအကျပ် စစ် မှုထမ်းစာရင်းထဲ ထည့်သွင်းတာတွေ ပြုလုပ်လာပါတယ်။ ရပ်ကွက်တစ်ခု သို့မဟုတ် ကျေးရွာတစ်ရွာမှာ စစ်မှုထမ်းရမယ့် အရေအတွက် ဘယ်လောက်ရှိမလဲဆိုပြီး ထွေ/အုပ်ထံ စာရင်းပေးကြတယ်။ စစ်မှုထမ်းစာရင်းပါသူတွေ အများစုက တော့ ငွေကြေး မတတ်နိုင်တဲ့ လက်လုပ်လက်စားတွေကို ဖိအားပေး ခြိမ်း ခြောက်ဖမ်းဆီးနေတယ်” ဟု စလေမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စလေမြို့တွင် ပျူစောထီး ခေါင်းဆောင် မိုးအောင်၊ မြောက်ကုန်းရပ်ကွက်သား မိုးကျော်သူနှင့် ဘိလပ်မြေစက်ရုံဝန်ထမ်း စိုးမင်းမင်းဝင်းတို့က လူငယ်များကို ဖမ်းဆီး၍ ခလရ ၁၃ တပ်ထဲသို့ ပို့ဆောင်နေကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအောင်ခေါင်းဆောင်တဲ့ ပျူစောထီးတွေက မန္တလေးကိုသွားမယ့် လူငယ် ၂၀ ခန့် ကို စစ်မှုထမ်းဖို့ လက်နက်အားကိုး ဖမ်းဆီးပြီး ချောက် ခလရ ၁၃ တပ်ကို ပို့ဆောင်လိုက်တယ်။ ပျူစောထီးခေါင်းဆောင် မိုးအောင်က အတော်ကို ဆိုးပါတယ်။ သူ့ကို လမ်းမှာတွေ့လို့ ကြည့်မိရင် တောင် သူမကြိုက်ရင် ဒုက္ခပေးတယ်။ သက်ကြီးအမျိုးသားတစ်ဉီးကိုလည်း သူ့ကားလာတာ လမ်းမဖယ် ပေးလို့ဆိုပြီး ကားပေါ်ကဆင်း ပါးရိုက်သွားတာ။ စလေတစ်မြို့လုံး သူ့ကိုပဲ ကြောက်နေရတာ” ဟု ပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အတူ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ထံမှ အုပ်ချုပ်ရေးမှူး ကျော်စိုးအောင်နှင့် ရာအိမ်မှူး ဝင်းကိုတို့က တစ်အိမ်ထောင်လျှင် ငွေကျပ် ၇၀၀၀ နှုန်းဖြင့် လိုက်လံကောက်ခံ လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ကျေးရွာမှာ စစ်မှုထမ်းဖို့ မဲပေါက်သွားတဲ့ လူငယ်တွေရဲ့ မိသားစုတွေကို တစ်လ သိန်း ၄၀ ပေးရမယ်ဆိုပြီး တစ်အိမ် ထောင်ကို ၇၀၀၀ ကျပ်နှုန်း ကောက်ခံနေတယ်။ ဘယ်သူမှတော့ ပေးချင်တဲ့စိတ်မျိုးမရှိဘူး။ ကြောက်ကြောက်နဲ့ပေးနေရတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းအပြင် ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့၊ ကြို့ကုန်းကျေးရွာတွင် စစ်မှုထမ်းရန် အသက်မီနေသည့် အသက် ၂၂ နှစ်မှ အသက် ၃၅ နှစ်အထိ လူငယ်များကို တစ်ဦးလျှင် တစ်လ တစ်သိန်းခွဲနှုန်း ကောက်ခံနေကြောင်း၊ လယ်မြေပိုင်ဆိုင်သော အိမ်ထောင်စုများဆိုပါက လယ်ပိုင်သူအိမ်ထောင်စု တစ်စုလျှင် တစ်လ ငွေကျပ် ၅၀၀၀၀၊ လယ်မပိုင်သူများကို အိမ်ထောင်စုတစ်စုလျှင် တစ်လ ငွေကျပ် ၂၀၀၀၀ နှုန်း ကောက်ခံနေကြောင်း သိရှိရသည်။

“လစဥ်ငွေကြေးထည့်ဖို့ကို လော်စပီကာနဲ့ကိုအော်တောင်းတာ/ လူငယ်တွေတော့ လစဥ်ပိုက်ဆံတဲ့အတွက် စစ်မှူမထမ်းရဆိုပေမယ့် လူငယ်တွေက ငွေကြေးမပေးနိုင်ကြတော့ ရွာသားလူငယ် အမျိုးသားတွေ စိတ်ဆင်းရဲနေကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၃ ၊ အပတ်စဉ် ၄ နှင့် အပတ် စဉ် ၅ များအတွက် လူငယ်များကို ကြိုတင်၍ ဖမ်းဆီးခြင်း၊ စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကို နိုင်ငံတစ်ဝန်းတွင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းထားသော လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article