ရန်ကုန်၊ ဧပြီ ၁၈
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်သား ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၁ က ထုတ်ပြန်ထားသည်။
ဧပြီလ ၉ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်မှ စစ်သား ၁ ဦးသည် ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်းအမှတ် ၃၅၀၄ ထံသို့ လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်သားသည် MA-11 သေနတ် ၁ လက် ၊ ကျည် ၂၄၂ တောင့်၊ ကျည်ဘောက် ၃ ခုနှင့် စစ်အသုံးအဆောင် ပစ္စည်းများ ယူဆောင်လာခဲ့ကြောင်း၊ ယင်းသို့ အလင်းဝင်ရောက်လာခြင်းသည် အကြမ်းဖက် စစ်တပ်၏ မတရားသော အမိန့်များကို ဆက်လက် နာခံလိုခြင်းမရှိတော့သည့်အတွက် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသော တပ်သားကို နွေးထွေးစွာကြိုဆိုခဲ့ပြီး သတ်မှတ်ထားသော ဂုဏ်ပြုဆုငွေများ ဆက်လက်ပေး ဆောင်သွားမည်ဖြစ်ပြီး ဘေးကင်းရာ နေရာသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်တော်သားအဖြစ်ရပ်တည်လိုသည့် စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကို ဆက်လက်ကြိုဆိုလျက်ရှိကြောင်းနှင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်းအမှတ် ၃၅၀၄ က အသိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင်လည်း စစ်တပ်နှင့် ဆက်နွယ်သူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၆ ရက်နေ့ ညပိုင်းတွင် ထားဝယ်မြို့၊ ဥဿရံရပ်ကွက်တွင် နေထိုင်သော မိုင်ကယ်ဆိုသူကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျည်ထိမှန်ပြီး ပွဲချင်းပြီသေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်သွားကြောင်း သိရသည်။
“သင်္ကြန်အတက်နေ့ နောက်ဆုံးရက်က ပစ်ခံရတာ သူက စစ်တပ် လက်ကိုင်တုတ်ပဲ။ သူတို့ အချင်းချင်းအဝေမတည့်လို့ ဖြစ်တာလား။ တော်လှန်ရေးဘက်က လာပစ်တာလားဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ မြို့ထဲက သူ့နေအိမ်မှာ ပစ်ခံရတယ်လို့သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ သေဆုံးသွားသော မိုင်ကယ် ဆိုသူသည် အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်ဆက်နွယ်မှု ရှိ၊မရှိကို ခေတ်သစ်မီဒီယာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။




