27 C
Yangon

မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ ကျားဖြန့်ငွေလိမ်ဂိုဏ်းများက အမေရိကန်များကို ပစ်မှတ်ထားလာပြီး လိမ်လည်ခံရသည့် အမေရိကန်တချို့ သတ်သေမှုများ ဖြစ်ပွား

Must read

ရန်ကုန်၊ ဇွန် ၁၈

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ ကျားဖြန့်အွန်လိုင်းငွေလိမ် ဂိုဏ်းများက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလာပြီး ငွေလိမ်လည်ခံရသည့် အမေရိကန်နိုင်ငံသားတချို့ သတ်သေသွားကြကြောင်း CNN သတင်းဖော်ပြသည်။

အသက် ၈၂ နှစ်အရွယ် Dennis Jones သည် ဖေ့ဘုတ်စ်မှတစ်ဆင့် Jessie အမည် ရှိသော အမျိုးသမီးတစ်ဦးဖြင့် မိတ်ဆွေဖြစ်ခဲ့ပြီး ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ခဲ့ကြကြောင်း၊ ယင်းနောက် ပြင်ပတွင် မမြင်ဖူး မတွေ့ဖူးသော Jessie က Dennis Jones ကို Cryptocurrency Website တွင် ရင်းနှီးမြှုပ်နှံခိုင်းသဖြင့် သူ၏ ငွေကြေးများအားလုံးကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ယင်းနောက် ငွေကြေးများအားလုံး ဆုံးရှုံးသွားခဲ့ပြီး မတ်လအတွင်းတွင် Dennis Jones က သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ကြောင်း သိရှိရသည်။

ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ခံလိုက်ရသည့် အသက် ၈၂ နှစ်အရွယ် Dennis Jones သည် အွန်လိုင်းမှ တစ်ဆင့် ငွေလိမ်လည်ခံရသော များပြားစွာလှသော အမေရိကန်နိုင်ငံသားများအနက်မှ တစ်ဦးအပါအဝင်ဖြစ်သည်။

အမေရိကန်နိုင်ငံသား Dennis သည် အရှေ့တောင်အာရှတွင် ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်မှုလုပ်ငန်းကို တည်ဆောက်ခဲ့သော တရုတ်ဂိုဏ်းများ အဓိကလုပ်ဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုကြီးတစ်ခု၏ မရေမတွက်နိုင်သော သားကောင်များထဲမှ တစ်ဦးဖြစ်ခဲ့သည်။

လွန်ခဲ့သော ၂၀၂၃ ခုနှစ်တွင် အွန်လိုင်းကျားဖြန့် လိမ်လည်ခံရသော အမေရိကန်နိုင်ငံသား သောင်းပေါင်းများစွာမှ ငွေဒေါ်လာ ၄ ဘီလီယံ ခိုးယူသွားခဲ့ကြောင်း၊ အဆိုပါပမာဏသည် ၂၀၂၂ ခုနှစ် ပမာဏထက် ၅၃ ရာခိုင်နှုန်းမြင့်မားလာကြောင်း ၊ လာမည့်နှစ်များတွင်လည်း အမေရိကန်နိုင်ငံသားများအပေါ် ပို၍ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုများ တိုးပွားလာရန်ရှိနေကြောင်း ၊ အွန်လိုင်းပေါ်မှ လိမ်လည်မှုများက ပြင်ပကမ္ဘာတွင် ၀ရုန်းသုန်းကားဖြင့် ဘ၀များစွာ ပျက်စီးစေခဲ့သည်ဟု သိရှိရသည်။

အမေရိကန်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက လာမည့်နှစ်တွင် ကျားဖြန့် လိမ်လည်မှုများကြောင့် ဆုံးရှုံးမှုများ ဆက်လက်တိုးပွားလာမည်ဟု ခန့်မှန်းကြပြီး ရာဇ၀တ်ကောင်များသည် အရေးယူရန် အလှမ်းဝေးနေသေး၍ ငွေကြေးနှင့် အသက်အိုးအိမ်စည်းစိမ်များ ဆက်လက်ဆုံးရှုံးရဦးမည်ဟု ခန့်မှန်းထားသည်။

မြန်မာမှာ အခြေစိုက်နေသော ကျားဖြန့် ငွေလိမ်လည်ဂိုဏ်းများ

၂၀၂၃ ခုနှစ် CNN ၏ စုံစမ်းစစ်ဆေးမှုတစ်ခုအရ လိမ်လည်သူအများစုသည်လည်း ၎င်းတို့ကိုယ်တိုင် လူကုန်ကူးမှု၏ သားကောင်များဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။ ကော်လာဖြူ အလုပ်အကိုင်များ ပေးမည်ဟု ကတိများဖြင့် စည်းရုံးကာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အခြားနေရာများရှိ ကျားဖြန့်ဂိုဏ်းများထံသို့ လူကုန်ကူးခံရကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်ကတည်းက မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၏ လွှမ်းမိုးမှုအောက်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းကဲ့သို့သော ရာဇ၀တ်မှုကျူးလွန်သူများ လွတ်လပ်စွာ လုပ်ကိုင် လည်ပတ်နိုင်သည့် အာရှ၏ ဒုစရိုက်မြို့တောဖြစ်လာသည်။

မြန်မာဘက်အခြမ်းတွင် ရာနှင့်ချီသော လူကုန်ကူးခံရသူများ ပြည့်နေသော ရုံးခန်းများ၊အဆောက်အအုံများ ပြည့်နှက်နေပြီး ၎င်းတို့က အွန်လိုင်းပေါ်မှတစ်ဆင့် လိမ်လည်မှုများ ဆောင်ရွက်ကြသည်။ အဆိုပါ အဆောက်အအုံများ အတွင်းတွင် လူကုန်ကူးထိန်းသိမ်းခံထားရသူများသည် နှိပ်စက်ညှဉ်းပန်းမှုများ၊ အွန်လိုင်းမှတစ်ဆင့် လိမ်လည် ငွေမရှာနိုင်၍ လျှပ်စစ်တုတ်များဖြင့် ရိုက်နှက်ခံရခြင်း၊ ပြစ်ဒဏ်အဖြစ် အကြိမ်ရာပေါင်းများစွာ ထိုင်ထလုပ်ခိုင်းခြင်းများခံကြရသည်။

အိန္ဒိယနိုင်ငံသား Rakesh သည် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံတွင် IT အလုပ်လျှောက်ထားပြီးနောက် မြန်မာနိုင်ငံရှိ အမှတ် ၂၅ ဂိတ် ဟုခေါ်သော ခြံဝင်းတစ်ခုသို့ လူကုန်ကူးခံခဲ့ရသည်။ ထိုနေရာတွင်သူသည် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုများကို လုပ်ကိုင်ခဲ့ရသည်။

သူက ရုရှားရင်းနှီးမြုပ်နှံသူ “Klara Semonov” အဖြစ် ၁၁ လကြာ သရုပ် ဆောင် ခဲ့ရပြီး အမေရိကန်နိုင်ငံသား Dennis ကဲ့သို့ သားကောင်များထံမှ ၎င်းတို့၏ ငွေများကို လိမ်လည်ရန် လုပ်ဆောင်ခဲ့ရသည်။

Rakesh သည် ၎င်း၏ စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ၂၀၂၃ ခုနှစ်တွင် နောက် ဆုံးတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

“သူတို့က ကျနော့်တို့ကို ကျွန်တွေလို ဆက်ဆံတယ်” ဟု လွတ်မြောက်လာချိန်တွင် Rakesh က ပြောဆိုသည်။

မြန်မာဘက်အခြမ်းမှ လိမ်လည်ဂိုဏ်များသည် ထိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုပြီး ထိုင်းကလည်း မြန်မာ၊ လာအို သို့မဟုတ် ကမ္ဘောဒီးယားနယ်စပ်ရှိ ဆက်သွယ်ရေး တယ်လီကွန်းအော်ပရေတာ ကြိုးမဲ့ဝန်ဆောင်မှုများအားလုံးကို ပိတ်ရန် မေလတွင် ညွှန်ကြားခဲ့သည်။

သို့သော်လည်း ကျားဖြန့်ဂိုဏ်းများက Starlink ကဲ့သို့သော အင်တာနက်သို့ ချိတ်ဆက်ရာတွင် အခြားနည်းလမ်းများကို အသုံးပြု၍ လုပ်ငန်းဆက်လျက် လုပ်ကိုင်နေကြသည်။

လက်ရှိတွင် အဆိုပါ ကျားဖြန့်လုပ်ငန်းများကို တားဆီးရန် အမေရိကန်အနေ ဖြင့် မလုပ်ဆောင်နိုင်သေးပေ။

“ဒီပြစ်မှုကျူးလွန်သူ တော်တော်များများက ကျွန်တော့်လက်လှမ်းမမီဘူး။ ပြီးတော့ ဟန့်တားမှုကို ထူထောင်ဖို့အတွက် အရှေ့တောင်အာရှမှာ ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ လူတချို့ကို တရားစွဲဖို့ လိုပါတယ်” ဟု အမေရိကန်ခရိုင်ရှေ့နေ က ပြောဆိုသည်။

ဓာတ်ပုံ – ကျားဖြန့် ငွေလိမ်ဂိုဏ်း၏ လိမ်လည်မှုကြောင့် ငွေကြေးများ ဆုံးရှုံးပြီး အဆုံးစီရင်သွားသော အသက် ၈၂ နှစ်အရွယ် Dennis Jones၏ ဓာတ်ပုံ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကျားဖြန့် ငွေလိမ်ဂိုဏ်း၏ လိမ်လည်မှုကြောင့် ငွေကြေးများ ဆုံးရှုံးပြီး အဆုံးစီရင်သွားသော အသက် ၈၂ နှစ်အရွယ် Dennis Jones၏ ဓာတ်ပုံ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article