ရန်ကုန်၊ ဇွန် ၂၀
ရခိုင်ပြည် သံတွဲမြို့နယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး တပ်စွဲခဲ့သည့်နေရာတွင် ဇွန်လ ၁၇ ရက်နေ့ မြေမြှုပ်မိုင်းနင်းမိ၍ ရွာသားတစ်ဦး သွေးထွက်လွန်ပြီး သေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။
မိုင်းနင်းမိ၍ သေဆုံးသွားသူမှာ အသက် ၆၀ အရွယ် ဦးမောင်စောဖြစ်ပြီး သံတွဲမြို့နယ် အလယ်ရွာကျေးရွာမှ ဖြစ်ကြောင်း၊ သံတွဲ-တောင်ကုတ် ကားလမ်းဘေး အလယ်ရွာကျေးရွာ၊ ချောင်းဝကျေးရွာ၊ ရေစင်ကျေးရွာတို့တွင် မေလနှောင်းပိုင်းကစ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်ကြောင်းထိုးပြီး နေရာယူခဲ့သည့် နေရာများဖြစ်ကြောင်း သိရှိရသည်။
” ရွာအနီးက စိုက်ခင်းကို ဟင်းရှာထင်းရှာဖို့ သွားတာ။ အဲဒီမှာ မိုင်းနင်းမိတာ။ သွေးထွက်လွန်ပြီး ဆေး ရုံတောင် မရောက်လိုက်ဘူး သေဆုံးသွားပါတယ်။ ကျနော်တို့ရွာအနီးက စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေထိုင်ခဲ့တာတွေရှိတယ်။ ဒီမိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့တာ ဖြစ်နိုင်ပါတယ်။ ” ဟု အလယ်ရွာ ကျေးရွာသားတစ်ဦးကပြောသည်။
အလယ်ရွာကျေးရွာနှင့် ရေစင်ကျေးရွာကြားတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တို့ ဇွန်လ ပထအပတ်အတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ထဲရှိ တပ်စခန်းများသို့ တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မြေပုံမြို့နယ်သို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် APM ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ပြည်သူ ၂ ဦးမှာ မြေပုံမြို့နယ်၊ တုတ်ချောင်းရွာမှ အသက် ၁၁ နှစ်အရွယ် မောင်အောင်နိုင်ဦး နှင့် အသက် ၂၇ နှစ်အရွယ် ကိုဦးကျီရွှီတို့ဖြစ်ကြောင်း၊ အရပ်သား ပြည်သူ ၅ ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အလားတူ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးပိုင်ဆိုင်သော ဆိတ်ခြံမှ ဆိတ် ၅ ကောင်လည်း သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့်နေအိမ်များလည်း ပျက်စီးကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar