27 C
Yangon

ရခိုင်မြောက်ပိုင်းတွင် အကြမ်းဖက်မှုများရှိနေ၍ နယ်စည်းမထားဆရာဝန်များအဖွဲ့-MSF က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ရပ်ဆိုင်းဟု ကြေညာ

Must read

ရန်ကုန်| ဇွန် ၂၇

ရခိုင်ပြည်မြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာခြင်းနှင့်အတူ အရပ်သားများကို ထိခိုက်သည့် အကြမ်းဖက်မှုများ ရှိနေ၍ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာသည်။

အရပ်သားများကို အကြမ်းဖက်ခြင်းနှင့် လူသားချင်းစာနာထောက်ထားခြင်း ဝန်ဆောင်မှုများပေးရန် ကန့်သတ်ချက်များစွာရှိနေ၍ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ရပ်ဆိုင်းလိုက်ကြောင်း ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ အရပ် သားများကို ထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် ကန့်သတ်ချက်များစွာ ရှိနေခြင်းကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရသည်။ ” ဟု MSF က ထုတ်ပြန်ပြောဆိုထားသည်။

MSF က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေ့လျားဆေးခန်း ၁၄ ခု ဖွင့်လှစ်ပြီး ရခိုင်၊ ရိုဟင်ဂျာနှင့် အခြားရွေးချယ်စရာ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းများကို လက်လှမ်းမမီသည့် လူနည်းစုအဖွဲ့များ အပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် မရှိမဖြစ် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော ပြည်သူများအတွက် MSF က အလွန်စိုးရိမ်ကြောင်း၊ ဖြစ်ပွားနေဆဲ တိုက်ပွဲများနှင့်ပဋိပက္ခများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်း၊ အတင်းအကျပ် ခေါ်ယူစေခိုင်းခံရခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်းနှင့် ဘေးကင်းရာသို့ ရွေ့ပြောင်းနိုင်မည့် အခွင့်အရေး မရှိသည့်ကြားတွင် လူသားချင်းစာနာမှုအထောက်အပံ့များ ရယူရာ၌ ကန့်သတ်ခံရခြင်းတို့ကိုလည်း ရွေးချယ်စရာမရှိပဲ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြကြောင်း MSF က ဆိုသည်။

MSF က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အဆိုပါလူထုအတွက် လိုအပ်ချက်များပြားနေချိန်၌ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြင်း အခွင့်အလမ်းများ အလုံးစုံ ပြတ်တောက် သွားရကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အားလုံး ဗုံးကွဲပြီး သေသွားရင်ကောင်းမယ်လို့တောင် ထင်မိတယ်။ အဲ့ဒါဆို ဒီလို ဆင်းရဲဒုက္ခတွေ ဆက်ပြီး ခံစားနေစရာမလိုတော့ဘူး။ ဒုက္ခတွေခံနေရတာထက် တူတူသေသွားတာက ပိုကောင်းဦးမယ်။” ဟု ဘူးသီးတောင်မှ ရိုဟင်ဂျာတစ်ဦးက ပြောဆိုသည်ဟု MSF က ထုတ်ပြန်ထားသည်။

လတ်တလောအခြေအနေအရ ထိုဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် မဖြစ်နိုင်သော်လည်း ရခိုင်ပြည် မြောက်ပိုင်းရှိ လူထုနှင့် လူနာများအတွက် လိုအပ်သော လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်ရန် ကတိကဝတ်ကိုမူ ဆက်လက်ထားရှိဆဲဖြစ်သည်ဟု MSF ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အခြေအနေများ တိုးတက်မှုရှိလာသည်နှင့်တပြိုင်နက် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ရခိုင်ပြည်မြောက်ပိုင်းတွင် ဆက်လက် ရှိနေဆဲဖြစ်ပြီး ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်စေရန်နှင့် အကာအကွယ်ပေးရမည့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများနှင့် ဝန်ထမ်းများ၏ အခြေအနေကို လေးစားပေးရန် ပဋိပက္ခတွင် ပါဝင်နေသည့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို MSF က တောင်းဆိုထားသည်။

” အဓိပ္ပါယ်မဲ့သော အသက်ဆုံးရှုံးမှုများနှင့် ဆင်းရဲဒုက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိခိုက်လွယ်သော ရပ်ရွာလူထုအား ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိမှု ချက်ချင်းပြန်လည်ပေးအပ်နိုင်ရန် လိုအပ်ပါသည်။ ” ဟု MSF က ထုတ်ပြန်ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစ၍ MSF ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရာနှုန်းပြည့် လည်ပတ်နိုင်ခြင်းမရှိခဲ့ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားများ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ဟု MSF က အခိုင်အမာ ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ မိခင်သေဆုံးမှု သို့မဟုတ် သန္ဓေသားသေဆုံးမှု ၉ ခုအထိရှိကြောင်း မှတ်တမ်းရရှိခဲ့သည်ဟု MSF က ဆိုသည်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်တွင် ဘူးသီးတောင်ရှိ MSF ရုံးနှင့် ဆေးဝါးသိုလှောင်ရာနေရာများ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါဒေသရှိ ပုဂ္ဂလိကနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံးမှာလည်း လုပ်ငန်းလည်ပတ်ခြင်း မရှိတော့ပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article