29 C
Yangon

အောင်လံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

အောင်လံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဇူလိုင် ၁

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – အောင်လံ ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အောင်လံမြို့နယ်ရှိ တပလိုင်း၊ မဲခေါင်း၊ မလယ်သာ၊ ကရင်မစမ်း ကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်နှင့် ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် ယင်းအကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ပဒေသာမိုင်းဖြင့် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၁ စီး တိမ်းမှောက်သွားကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၃ ဦးခန့် ထိခိုက် ဒဏ်ရာရရှိကာ ယင်း ထိခိုက် ဒဏ်ရာရရှိသူများတွင် ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာသွားသော အကြမ်းဖက် စစ်သားများသည် အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာ ဘက်မှ ကပစ ၁၅ ဘက်ကို ပြန်ဆုတ်သွားပြီး အင်အား ၅၀ ကျော်ပါ စစ်ကြောင်း ၁ ကြောင်း ထပ်မံ စုဖွဲ့ကာ ဇွန်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ တောတောင်၊ လျှိုမြောင်များကို ဖြတ်ကျော်၍ တော်လှန်ရေး အင်အား စုများ၏ ထုတ်လုပ်ရေးစခန်းငယ်တစ်ခုကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စခန်းစီးနင်းခံရပေမယ့် တပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိခဲ့ပါဘူး။ စခန်းထဲက ပစ္စည်းတွေကို ဖျက်ဆီး သွားတယ်၊ ဆုံးရှုံးမှုတန်ဖိုးက ဘယ်လောက်ရှိမယ် မသိရသေးဘူး။ သူတို့က ကျနော်တို့ စခန်းရှိနိုင် မယ် ထင်တဲ့နေရာတွေကို လိုက်ရှာရင်း အမှတ်မထင်တွေ့သွားတာ၊ အောင်လံမြို့နေမိဘပြည်သူတွေ အနေနဲ့ အခုလို လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နေတဲ့ ကျနော်တို့အဖွဲ့တွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု အောင်လံမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းသို့ စခန်း ဖျက်ဆီးခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်ပေါင်ဝဲမြို့နယ်၊ ဝါးစေ့မြောက်ကျေးရွာဘက်မှ တဆင့် ကိုးပင် ကျေးရွာဘက်ကို ဆုတ်ခွာသွားပြီး ကိုးပင်ကျေးရွာမှ အောင်လံ -ပြည်ကားလမ်းမကြီးအတိုင်း အောင်လံမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – အောင်လံ ပ.က.ဖ ၊ သရက် ခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊ နေပြည်တော်တပ်ရင်း ၉၀၂ နှင့် မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – SMPDF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article