26 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၀၀ ကျပ်ကျော်သို့ စျေးမြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းကျော် စျေးပေါက်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၃

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လျှင် ငွေကျပ် ၄၆၀၀ ကျော်သို့ စျေးမြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်းစျေးပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီက အိမ်ရာချေးငွေများ ဗဟိုဘဏ် သတ်မှတ်ထားသည်ထက် ကျော်လွန် ချေးငှားသည်ဟုဆိုကာ ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူခြင်း၊ ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အပါအဝင် ဆန်ကုန်သည်များကို ဖမ်းဆီးခြင်း စသည့် စီးပွားရေးအရ ဆုတ်ယုတ်မှုများစွာ ဖြစ်ပေါ်နေသောကြောင့် ပြည်တွင်းစီးပွားရေး အခြေအနေများ ပိုမို ကျဆင်းလာကြောင်း၊ ကျပ်ငွေတန်ဖိုးမှာလည်း ပြန်လည် မြင့်တက်လာခြင်းမရှိဘဲ ဆက်လက် ကျဆင်းနေဆဲပင်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးသမားတချို့၊ ရွှေကုန်သည်တချို့က ရှင်းပြသည်။

“ရွှေအရောင်းအဝယ် ဒေါ်လာ အရောင်းအဝယ် တွေ အေးစက်နေတာ လနဲ့ချီလာပြီ။ စီးပွားရေးက မလည်ပတ်ဘူး။ အခြားစီးပွားရေးတွေလည်းအကုန် ရပ်သလောက်ကိုဖြစ်နေတယ်။ ဒီကြားထဲ ဆန်ကိစ္စ ဘဏ်ကိစ္စတွေ ထပ်ဖြစ်တော့ ကျပ်ငွေက ပိုပြီး တန်ဖိုးကျဖို့ပဲရှိတယ်။ တန်ဖိုး ပြန်တက်လာနိုင်တဲ့ အခြေအနေကတော့ သိပ်မရှိတော့ဘူး။
စီးပွားရေးသမားတွေလည်း ဘန်ကောက်၊ စင်ကာပူ စသည်ဖြင့် နီးစပ်ရာ ပြောင်းရွှေ့ အခြေချနေကြတယ်။ အချိန်မရွေး ပြဿနာရှာ အဖမ်းခံရမှာ စိုးရိမ်ကြလို့ ပြောင်းကုန်ကြတာ” ဟု UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်အခြေစိုက် ရွှေကုန်သည်ကမူ လက်ရှိ စီးပွားရေးမှာ အရောင်းအဝယ်များ ကျဆင်းနေပြီး လက်ထဲတွင် ကျပ်ငွေ မထားလို၍ ရွှေဝယ်ယူ ရင်းနှီးမြှုပ်နှံသူ ငွေကြေးတတ်နိုင်သူ လူတန်းစားမှ အပ ကျန်လူတန်းစားများမှာ ရွှေမဝယ်နိုင်ကြတော့ဟု ပြောဆိုသည်။

“လက်ထဲမှာ ငွေပိုရှိတယ်။ ကျပ်ငွေကိုလည်း မယုံကြည်ဘူးဆိုတဲ့ လူမျိုးလောက်ပဲ ရွှေဝယ်နိုင်တော့တယ်။ သာမန်ဝင်ငွေနည်းနဲ့ လူလတ်တန်းစား ရွှေဝယ်တာမျိုးကတော့ အတော်ကို နည်းသွားပြီ။ စီးပွားရေးသမားလောက်ပဲ ငွေမကိုင်ထားချင်လို့ ရွှေဝယ်ကြတာမျိုးပဲရှိတော့တယ်” ဟု ရန်ကုန် ရွှေကုန်သည်က ဆိုသည်။

လတ်တလော ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့် အတူ အခြားပြည်ပငွေကြေးတန်ဖိုးများလည်း မြင့်တက်နေရာ ပြည်သူအများစု အသုံးများနေသော ထိုင်းဘတ်ငွေမှာလည်း တစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၂၅ ကျပ်ဝန်းကျင်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်ရွှေဆိုင်တစ်ခု၏ အရောင်းအဝယ်မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်ရွှေဆိုင်တစ်ခု၏ အရောင်းအဝယ်မြင်ကွင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article