24.4 C
Yangon

မကွေးထောင်သို့ ထောင်ပြောင်းရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ အကြောင်းမဲ့ ရိုက်နှက်ညှဉ်းပန်းမှုများဖြင့် အခြေအနေ ဆိုးရွားနေ

Must read

ရန်ကုန်၊ ဇူလိုင် ၄

မ‌န္တလေးအိုးဘိုထောင်မှ မကွေးထောင်သို့ ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို မကွေးအကျဉ်းထောင်တာဝန်ခံများက ဇွန်လ ၁၆ ရက်မှစကာ ဇွန်လကုန်အထိ နေ့စဉ် ဖိနှိပ်ရိုက်နှက်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ဇွန်လ ၁၅ ရက်နေ့ ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၄၀ ကျော်ကို ဇွန်လ ၁၆ ရက်နေ့တွင် Main Jail သို့ ခေါ်ဆောင်၍ နိုင်ငံရေးအကျဉ်းသားများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကာ ထောင်ပြောင်းဖြင့်ရောက်ရှိလာသည့်နိုင်ငံရေးအကျဉ်းသားများကိုလည်း ခြေကျင်းဒေါက်များ ၁၄ ရက်အထိ ခတ်ထားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လကုန်အထိ အကျဉ်းဦးစီး ဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦးနှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့ ဦးဆောင်၍ နိုင်ကျဉ်းများကိုဖိနှိပ်ရိုက်နှက်မှုများကို နေ့စဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ကျဉ်းများက ရိုက်နှက်မှုပြုလုပ်ခဲ့သည့်အကျဉ်းဦးစီးဝန်ထမ်းများကို မည်သည့်အတွက် ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်သနည်းဟုမေးမြန်းရာတွင် ထိုသို့ မေးမြန်းခဲ့သူများထဲမှ ဦးဆောင်သူဟု အကျဉ်းဦးစီးက ယူဆထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ထပ်မံရိုက်နှက်၍ တိုက်ပိတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။

“‌လက်ရှိမှာ မကွေး ထောင်တွင်းဖိနှိပ်မှုကို ထောင်အရာရှိတွေ ကိုယ်တိုင် ဦးဆောင်ပြုလုပ်နေတာကို တွေ့ရတယ်။ နိုင်/ကျဥ်း‌တွေအပေါ် အကျဉ်းထောင်တွင်းဖိနှိပ်မှုကို ထောင်တိုင်းမှာပြုလုပ်လာ‌တာကို ခပ်စိတ်စိတ် တွေ့လာရတယ်။အရှေ့တန်းစစ်မြေပြင်မှာ သူတို့ရဲ့ဘက်တော်သား မင်းအောင်လှိုင်လက်အောက်ခံ စစ်သားတွေ သေဆုံးမှု‌များလာလေ ထောင်တွေထဲက လက်နက်ကိုင်‌ဆောင်ထားနိုင်ခြင်းမရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီး ဖိနှိပ်လာနေတယ်လို့ ပြောချင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ ဒေါက်ခတ်ခံထားရစဉ် ရေချိုးချိန်တွင်လည်း ပုံစံခွက်ဖြင့်သာချိုးရပြီး ပုံမှန်ရေချိုးခွက်ဖြင့်စုစုပေါင်း ၁၅ ခွက်သာ ချိုးခွင့်ပေးကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ကျဉ်းများကိုရိုက်နှက်သည်ကို မေးမြန်းခဲ့၍ တိုက်ပိတ်ခံထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးသည်လည်း လက်ရှိအချိန်အထိ တိုက်ပိတ်ခံထားရဆဲဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article