32 C
Yangon

ညောင်လေးပင်နှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ် ၈ လုံးနှင့် သီလရှင်ကျောင်းတို့ ပျက်စီး

Must read

ညောင်လေးပင်နှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ် ၈ လုံးနှင့် သီလရှင်ကျောင်းတို့ ပျက်စီး

ဆီဆိုင်၊ နားခိုက်ရွာကို စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ဖျက်ဆီးမှု နေအိမ် ၆ လုံးပြာကျပြီး ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်သွား

ရန်ကုန်၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးငယ် ၄ ဦး ပြင်းထန်ဒဏ်ရာရကာ နေအိမ် ၈ လုံးနှင့် သီလရှင်ကျောင်း တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မူးမြို့နယ် အတွင်း ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၉ မိနစ်ခန့်တွင် သာစည်တွင် အခြေချထားသော အကြမ်းဖက် စစ်တပ်က နောင်ချို ကျေးရွာ အတွင်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း နေထိုင်သော ဇနီးမောင်နှံ အသက် ၄၁ နှစ် အရွယ် မင်းနိုင်ဦးနှင့် အသက် ၃၅ နှစ်အရွယ် မပပ တို့ ၂ ဦးသေဆုံးခဲ့ရကြောင်း၊ ၎င်းတို့၏ သားသမီး ဖြစ်သော အသက် ၁၇နှစ်အရွယ် မဇင် ၊ အသက် ၈ နှစ်အရွယ် နွေသဇင် နှင့် အသက် ၂ နှစ် အရွယ် မိုးထက်နိုင် တို့အပြင် အသက် ၁၇ နှစ်အရွယ် မောင်ကျော်ထက်ဦးတို့ ၄ ဦးတို့ စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ငနွားဆိပ်ကျေးရွာနေ အသက် ၄၉ နှစ် အရွယ် ဦးအောင်နိုင်မိုးသည် ၎င်း၏ နေအိမ်ခြံလမ်းဘေးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ထားသော မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။

လယ်ဒိုမြို့နယ်အတွင်း ဇူလိုင် ၂ ရက်နေ့ ည ၁ဝ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ရွာသာယာ ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဇူလိုင် ၃ ရက်နေ့တွင် နံနက် ၁၁ နာရီ ၁၆ မိနစ်ခန်ံ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာနှင့် ဖိုးအင်းကုန်း ကျေးရွာ အကြားတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၈ မိနစ်ခန့်တွင် ခမရ-၂၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာနှင့် ကွင်းကုန်းကျေးရွာ အကြားတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ကျောက်တံခါးမြို့နယ်အတွင်း ဇူလိုင် ၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်တံခါးမြို့မှနေ၍ ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ခိုလိုကျေးရွာ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့ပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်နှင့် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်မှုကြောင့် ခိုလို ကျေးရွာ နှင့်ဘုရားဇီးကုန်း အကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၅၅ မိနစ်နှင့် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သမင်အင်း ကုန်းကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး သမင်အင်းကုန်း ကျေးရွာနေ အသက် ၅၀ နှစ်အရွယ် စောကလိုထူး ထိခိုက် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင် ၅ ရက်နေ့ နံနက် ၉ နာရီ ၁၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကြိတ်ကွင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

သထုံမြို့နယ်အတွင်း ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၁ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန် တပ်ရင်း စခန်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးရွာလေးတွင် လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၄ လုံး၊ သီလရှင် ဆရာလေး ခမ္မာန္နာသီ နေသော သာသနာ့ ကျောင်းဇရပ် ၁ လုံး နှင့် ဆိုင်ကယ် ၁ စီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့တွင် ည ၇ နာရီ ၅၄ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ (အမတ-၃၁၄) တပ်ရင်းစခန်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြရွာလေးအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ် တပ်၏ ခမရ-၉ တပ်ရင်းစခန်းသည် ဝင်းပရွာရှိ ဒေသအခေါ်ဝေါ်( ဒညှင်းကုန်း)တွင် တပ်စွဲထားပြီး အမတ-၃၁၄ တပ်ရင်း စခန်းသည် သထုံမြို့နယ်၊ ဇီးဝန်းရွာ ဒေသအခေါ်ဝေါ် (ထီးဖိုးညခီး) လက်နက်ကြီးကုန်းတွင် တပ်စွဲထားကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ရွာကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ PNO အဖွဲ့က မီးရှို့ဖျက်ဆီးမှု နေအိမ် ၆ လုံးပြာကျပြီး ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်သွားကြောင်း PNLA ကပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ ယနေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် နှင့် ၎င်းတို့လက်အောက်ခံ PNO အဖွဲ့က ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၆ အိမ်ထက်မနည်း မီးလောင် ပျက်စီးခဲ့ပြီး နေအိမ်တချို့ကို သံဃာတော်များနှင့် ဒေသခံများက ဝိုင်းဝန်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူပိုင် ကားများ ၊ ဆိုင်ကယ်များနှင့် တန်ဖိုးကြီး ပစ္စည်းများကိုလည်း စစ်ကောင်စီ တပ်သားများက ယူဆောင်သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ယမန်နေ့ကလည်း နားခိုက်ကျေးရွာမှ ပြည်သူများအား ထမင်းထုပ် ၆၀၀ ပို့ပေးရန် တောင်းခဲ့ရာ ပြည်သူများက ထမင်းထုပ်များ သွားပို့ခဲ့သော်လည်း မစားဘဲ လွှတ်ပစ်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် နားခိုက်ကျေးရွာမှ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ PNO အဖွဲ့သည် ဇူလိုင်လ ၃ ရက်နေ့ကလည်း နားခိုက်ကျေးရွာအနီး ထမ်းယံတိုင်ကျေးရွာမှ ခွန်တငွေကို ပစ်သတ်ပြီး ခွန်မောင်ပေးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကလည်း နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်မိသားပိုင် နေအိမ် အပါအဝင် နေအိမ် ၇ အိမ်ကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က နားခိုက်ကျေးရွာကို ဒုတိယအကြိမ်မြောက် ဝင်ရောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း PNLA က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article