၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၃ ရက်မြောက်နေ့တွင် မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
ရန်ကုန်၊ ဇူလိုင် ၇
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် TNLA က ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၃ ရက်မြောက်နေ့တွင် မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် မိုးမိတ်မြို့ထဲ၌ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ် စကခ ၂၁ ၊ ခလရ ၃၄၈ တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၄၉ မိနစ်ခန့်တွင် မိုးမိတ်မြို့နယ် သရက်တောရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ ၂၁ ၊ ခလရ ၂၂၃ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ဒုံးတပ် ၆၀၆ စခန်း အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က Y12 ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လားရှိုးမြို့နယ် အီနိုင်းရွာနှင့် ၆ မိုင်ကုန်း အကြားကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ကျောက်မဲမြို့ နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၀၁ စခန်းက ဟူးကွက်ရွာကို လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။