28 C
Yangon

ဝက်လက်နှင့် စဉ့်ကူးမြို့နယ်တို့ရှိ ကျေးရွာ ၁၄ ရွာနီးပါး မြစ်ရေကြီးမှုကြောင့် ပြည်သူ ၈၀၀၀ နီးပါး အခက်တွေ့

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တို့ရှိ ကျေးရွာ ၁၄ ရွာနီးပါး ဧရာ၀တီမြစ်ရေ ကြီးမှုကြောင့် နစ်မြှုပ်နေကာ ပြည်သူ ၈၀၀၀ နီးပါး အခက်အခဲတွေ့နေကြကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဝက်လက်မြို့နယ်၊ ရွာသာရွာနှင့် စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာ မြစ်ကမ်းကြီးရွာ၊ ဟင်္သာမရွာ၊ ရွာတော်ရွာ အပါအဝင် ရွာပေါင်း ၁၄ ရွာနီးပါးနှင့် စစ်ဘေးရှောင်ပြည်သူများရှိသည့် တဲအိမ်များပါ ရေ နစ်မြှပ်နေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

” မိုးတွေရွာတာအပါအဝင် ဧရာဝတီမြစ်ရေတွေက အထက်ကနေ စီးလာတော့ ပိုဆိုးတာက။ ဒီနှစ်က ပိုဆိုးတယ် ၁၀ ရက်လောက်ရှိပါပြီ။ စစ်ဘေးရှောင်ပြည်သူတွေက အကူအညီလိုအပ်နေပါတယ်။ အသက်ကြီးရွယ်အို အဘိုးအဘွားများကလေးငယ်များအတွက်အကူညီတွေလိုအပ်နေပါတယ်”ဟု ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ တာဝန်ခံ ကိုနေမင်းခန့် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ဧရာဝတီမြစ်ကမ်းဘေးတွင် တဲထိုးကာ စစ်ရှောင်နေရသည့် ပြည်သူများသည်လည်း ဧရာဝတီ မြစ်ရေကြီးမြင့်မှုကြောင့် အခက်အခဲတွေ့နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အခုစစ်ရှောင်တွေကလည်း စဉ့်ကူးနယ်မှာ တိုက်ပွဲအရှိန်ကြီးလာတော့ ဝက်လက်ဘက်ပြေးလာပြီးစစ်ဘေးရှောင်ကြတယ်။ တချို့က ပတ်သက်ရာ ပတ်သက်ကြောင်း ရွာနားကပ်နေကြတယ်။ တချို့က ဘုန်းကြီးကျောင်းတွေကပ်နေကြတယ်။ တချို့ကတော အစပ်တွေတဲထိုးနေကြတယ် ။ တချို့က ဧရာဝတီမြစ်ကမ်းဘေးတဲထိုးနေကြတယ်။ စစ်လာရှောင်ခါမှ သဘာဝဘေးအန္တရာယ်နဲ့ပါ ထပ်ကြုံရတဲ့အနေအထားဖြစ်သွားတာပါ”ဟု ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ တာဝန်ခံ ကိုနေမင်းခန့် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မိုးလေဝသ၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ မြင်းမူမြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်နေနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ၊ သပိတ်ကျင်းမြို့နယ်တွင်မူ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၃ ပေခန့်ကျော်လွန်နေပြီး ၁ ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ် ဆက်လက်တည်ရှိနိုင်ကြောင်း ၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင်လည်း စိုးရိမ်ရေမှတ် ပေဝက်နှင့် ၁ ပေကျော်ခန့် ကျော်လွန်နေကာ နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းထုတ်ပြန်ထားသည်။

ထို့ပြင် ဗန်းမော်မြို့တွင် စိုးရိမ်ရေမှတ်ပေဝက်ခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းနိုင်ကာ ရွှေကူမြို့တွင်မူ စိုးရိမ်ရေမှတ် ၁ ပေခွဲခန့်ကျော်လွန်နေကာ တစ်ရက်အတွင်း ၁ ပေခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေနိုင်ကြောင်း ဖော်ပြထားသည်။

ချင်းတွင်းမြစ်ရေ တိုးနေမှုကြောင့်လည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့တို့သည် စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေနိုင်ကြောင်း၊ ဒုဋ္ဌဝတီမြစ်ရေ တိုးမှုကြောင့် မြစ်ငယ်မြို့သည်လည်း စိုးရိမ်ရေမှတ်အထက် ဆက်တည်ရှိနေနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article