ကောလင်းမြို့မှ ကာလရက်ရှည် စစ်ရှောင်နေရသော ပြည်သူများ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရပြီး စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ
ရန်ကုန်၊ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ ကာလရက်ရှည် စစ်ရှောင်နေရသော ပြည်သူများ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရပြီး စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
လက်ရှိချိန်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အစားအသောက်များ ဝယ်စားရန်အတွက် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ဘူးခွံကောက်၍ ရောင်းစားခြင်း၊ ခြင်းတောင်းများ ယက်၍ ဝင်ငွေရှာခြင်းများ လုပ်ကိုင်၍ စားဝတ်နေရေးဖြေရှင်းနေရသည့် မိသားစုများ ရှိသကဲ့သို့ စားသောက်၍ ရသည့် ဟင်းသီးဟင်းရွက်များကို ခူးယူ ချက်ပြုတ်၍ စားဝတ်နေရေးဖြေရှင်းနေရသူများလည်း ရှိကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရှိရသည်။
“မြို့ထဲကနေ ထွက်ခဲ့တာ ၈ လရှိပြီ မြို့သိမ်းကတည်းက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ ဘူးခွံ့ကောက်စားရမယ်လို့ မတွေးခဲ့ဖူးဘူး ။ အခုမှ ဘူးခွံ့ကောက်စားရတဲ့ ဘဝရောက်တာ။ ငတ်နေတဲ့ လူတွေလည်း ရှိတယ်။ အတတ်နိုင်ဆုံး ကူညီပေးစေချင်တယ်”ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ထို့ပြင် လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူများအများစုသည် တောထဲတွင် ဖြစ်သလို နေထိုင်နေရပြီး မြို့ထဲ ပြန်ဝင်၍ နေထိုင်ရန်မှာလည်း ကြောက်ရွံ့မှုများ ရှိနေကြသေးကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရှိရသည်။
“ထောက်ပံ့မှုက ကနဦးမှာ ဆန်နဲ့ ဆီနဲ့ ရဖူးတယ်။ စစ်ဘေးရှောင်အခက်အခဲက စားရေးသောက်ရေးနဲ့ ငွေရေးကြေးရေးပါပဲ။ အိမ်ပြန်ဖို့ကတော့ ဝင်လို့ရတယ်ဆိုတောင်မှ မဝင်ရဲသေးဘူး။ အပေါ်က လာမှာ ကြောက်ရသေးတယ်” ဟု စစ်ဘေးရှောင်တိမ်းလာသည်မှာ ၆ လကြာမြင့်နေပြီဖြစ်ပြီး ခြေထောက်မသန်စွမ်းဖြစ်နေသည့် စစ်ရှောင်ပြည်သူတစ်ဦး ပြောဆိုသည်။
ကောလင်းမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများမှာ သောင်းနှင့် ချီ၍ ရှိနေပြီဖြစ်ပြီး ထိုအထဲတွင် ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းပြည်သူများနှင့် ကလေးငယ်များလည်း ပါဝင်နေကြောင်း ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး၊ အဝတ်အထည်နှင့် မိုးကာများ လိုအပ်နေကြောင်း ကောလင်းမြို့ ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။