တန့်ယန်းဒေသတွင် ပဋိပက္ခများ ကူးမလာစေရေးအတွက် UWSA တပ်ဖွဲ့များ ဝင်ရောက်ထိန်းချုပ်ဟု “၀” တပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် အတည်ပြု
ရန်ကုန်၊ ဇူလိုင် ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းဒေသတွင် တန့်ယန်းဒေသတွင် ပဋိပက္ခများ ကူးမလာစေရေးအတွက် UWSA တပ်ဖွဲ့များ ဝင်ရောက်လာခြင်းဖြစ်သည်ဟု “၀” တပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။
ယနေ့တွင် UWSA မှ တပ်ဖွဲ့ဝင် ထောင်ချီပြီး တန့်ယန်းဒေသသို့ ဝင်ရောက် နေရာယူ တပ်စွဲလိုက်ခြင်းဖြစ်ပြီး တန့်ယန်းတွင် မည်သည့် ပဋိပက္ခမှ အဖြစ်ခံမည်မဟုတ်ကြောင်း ဦးညီရမ်းက ရှင်းပြသည်။
“ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန်ယန်းဘက်ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့အနေဖြင့် စိုးရိမ်နေတဲ့ဒေသခံနဲ့ကျနော်တို့မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်ပါတယ်။ မူလကျနော်တို့ ရဲ့ဘက်မလိုက်မူဝါဒ ကိုကျင့်သုံးပြီး ပဋိပက္ခ ဖြစ်ပွားမှုကိုလည်းလက်ခံမှာမဟုတ်ပါဘူး။တန့်ယန်းဒေသတည်ငြိမ်အေးချမ်းရေးလိုလားပြီး အဘက်ဘက်အတွက်လည်း အကျိုးရှိမယ်လို့ယုံကြည်ပါတယ်” ဟု ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။
လက်ရှိတွင် တန့်ယန်းဒေသတစ်ခုလုံးကို UWSA က ထိန်းချုပ်လိုက်ပြီး ဒေသပြည်သူများတွေ့ဆုံမှုများရှိကြောင်း၊ ဒေသပြည်သူများ၏ ပြောကြားချက်အရ တန့်ယန်းဒေသ အုပ်ချုပ်ရေးကို UWSA က စီမံခန့်ခွဲ အုပ်ချုပ်မည်ဖြစ်ကြောင်း၊ တန့်ယန်းတွင် UWSA ထောင်ချီရောက်ရှိနေပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
