မွန်ပြည်နယ်တွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၆ လတာအတွင်း ပြည်သူ ၇၂ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၃
မွန်ပြည်နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် ပထမ ၆ လတာကာလအတွင်း စစ်ကောင်စီတပ် ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူပြည်သူ ၇၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၃၈ ဦး နဲ့ ဖမ်းဆီးခံရသူ ၇၆ ဦး ရှိတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် က ထုတ်ဝေတဲ့ လဂွန်းအိမ် စာစဉ်မှာ ဖော်ပြပါတယ်။
မွန်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ရဲ့သတ် ဖြတ်မှုကြောင့် သေဆုံးရသူတွေထဲမှာ အမျိုးသမီး ၁၉ ဦး၊အမျိုးသား ၅၃ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး ၅၄ ဦး၊အမျိုးသား ၈၄ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့အထဲမှာ အမျိုးသမီး ၁၉ ဦးနဲ့ အမျိုးသား ၅၇ ဦး ရှိတယ်လို့ ကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေက မွန်ပြည် နယ် ၁၀ မြို့နယ်အနက် စစ်ရေးပြင်းထန်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ကျိုက်မရောနဲ့ရေးမြို့နယ်အတွင်းကပြည်သူတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက ၁၅ ရာခိုင်နှုန်းကျော်ဟာ ကလေးသူငယ်တွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မွန်ပြည်နယ်အတွင်းမှာ အခုနှစ် ပထမ ၆ လတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေ ထိတွေ့တိုက်ပွဲပေါင်း ၁၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျိုက်မရောမြို့နယ်မှာ ၂၇ ကြိမ်၊ကျိုက်ထိုနဲ့ရေးမြို့နယ်မှာ ၂၅ ကြိမ်စီ၊ဘီးလင်းမြို့နယ်မှာ ၁၃ ကြိမ်၊သံဖြူဇရပ်မြို့နယ်မှာ ၉ ကြိမ်၊သထုံမြို့နယ်မှာ ၇ ကြိမ်နဲ့မုဒုံမြို့နယ်မှာ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အချက်အလက်စုဆောင်းကောက်ယူထားတဲ့၂၀၂၄ ခုနှစ် ပထမ ၆ လမှာ စစ်ကောင်စီတပ်ဖွဲ့ကမွန်ပြည် နယ်အတွင်းကိုလေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ရှိခဲ့ပြီး ကျိုက်မရောမြို့နယ်မှာ ၁၉ ကြိမ်နဲ့ အများဆုံးတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ကောက်ယူထားတဲ့စာရင်းမှာ ဖော်ပြပါတယ်။ ရေးမြို့နယ်မှာတော့ ၉ ကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ် ၅၉၁ အိမ်နဲ့ ဘာသာရေးအဆောက်အဦး ၈ ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ စစ်ရေး၊သံတမန်ရေး၊နိုင်ငံ့စီးပွား ရေး အဘက်ဘက်က ကျရှုံးနေချိန်မှာ မွန်ပြည်နယ်အတွင်းက အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာ၊ပြည်သူပစ္စည်းတွေကိုဖျက်စီးတာ၊ခိုးယူလုယက်တာတွေ အကြမ်းဖက်လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
