မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရပ်ကွက်များနှင့် မိုးမိတ်မြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၁၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရပ်ကွက်များနှင့် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ရေးဌာနက ပြောဆိုသည်။
မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် စစ်တန်းကုန်း ရပ်ကွက်ရှိ နေအိမ်ပေါ်ကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ဦး နှင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် သဖန်းပင်၊ မြို့မရပ်ကွက်၊ မင်းတံတား ရပ်ကွက် တို့ကိုလည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သား ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရကာ ၃ ဦး သေဆုံး ခဲ့ကြောင်းသိရှိရသည်။
အလားတူ ကျောက်မဲမြို့ရပ်ကွက် ၁ ရှိ နေအိမ်တစ်အိမ်ပေါ်ကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦး နှင့်အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောက်မဲမြို့နယ် မန်မိုင်ရွာတွင်လည်း အမျိုးသမီး ၁ ဦး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ကြောင်း၊ လားရှိုးမြို့ ရပ်ကွက် ၄ တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး အသက် ၅၀ နှစ်အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ထို့အတူ မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ နမ်းခမ်းအင်ကို ယမန်နေ့ ည ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၈ နှစ်အရွယ် ဦးသိန်းသန်း ပွဲချင်းပြီးသေဆုံးပြီး နေအိမ် ၁ လုံးပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
ရှမ်းမြောက် ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ ၂၀ ရက်အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၆၆ ဦး သေဆုံးခဲ့ပြီး ၁၀၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။