ရန်ကုန်ရှိ ပုဂ္ဂလိကဘဏ်များတွင် တစ်သောင်းတန်ငွေစက္ကူအသစ်များဖြင့် ယနေ့ ငွေထုတ်လိုသူများကို ငွေကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ ပမာဏတိုးမြှင့်ထုတ်ပေးနေပြီး ATM များတွင်လည်း ငွေများ ပြန်လည်ထုတ်ယူနိုင်
ရန်ကုန်၊ ဇူလိုင် ၁၅
ယနေ့ ပုဂ္ဂလိကဘဏ်များတွင် တစ်သောင်းတန်ငွေစက္ကူအသစ်များဖြင့် ငွေလာရောက်ထုတ်ယူလိုသူများကို ငွေကျပ် ၁၀ သိန်းမှ ငွေကျပ် သိန်း ၁၀၀ ပမာဏအထိ တိုးမြှင့်ထုတ်ပေးနေကြောင်း ငွေသွားရောက် ထုတ်ယူသူ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း ရန်ကုန်ရှိ ဧရာ၀တီဘဏ်၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်များတွင် ထိုသို့ ငွေထုတ်ယူလိုသူများကို တစ်သောင်းတန်ငွေစက္ကူအသစ်များဖြင့် ငွေများ ပြန်လည်ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဧရာ၀တီဘဏ်မှာက Special Account က သိန်း ၁၀၀ အထိ ထုတ်ပေးတယ်။ ATM က တစ်ခါထုတ်ရင် ၁၀ သိန်းရတယ်။ KBZ က Special Account က ၁၀ သိန်းထုတ်ပေးတယ်။ ရိုးမလည်းအတူတူပဲ။ ငွေစက္ကူတွေကတော့ ၁ သောင်းတန် အသစ်စက်စက်တွေ။ နောက်နေ့လည်း တိုးပြီး ထုတ်ပေးမယ်ပြောတယ်။ ပတ်ထုတ်ကြည့်တာ ငွေတော့ ပြန်ထုတ်လို့ရနေပြီ” ဟု ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ်တွင် ငွေထုတ်ခဲ့သူတစ်ဦးက ဆိုသည်။
အလားတူ နယ်တချို့တွင်လည်း ပုဂ္ဂလိကဘဏ်များက ငွေများ ပြန်လည်ထုတ်ပေးနေပြီး ပုသိမ်မြို့ရှိ KBZ ဘဏ်တွင် Special Account ဆိုလျှင် ငွေကျပ် ၁၀ သိန်း၊ ရိုးမဘဏ်က ငွေကျပ် သိန်း ၂၀၀ အထိ ထုတ်ယူနိုင်ပြီး သိန်း ၂၀၀ ကျော်ပါက အထက်သို့ တင်ပြရမည်ဟု ပြောဆိုကြောင်း၊ ကျောက်ပန်းတောင်းရှိပုဂ္ဂလိကဘဏ်များတွင် အကန့်အသတ်ဖြင့်သာ ထုတ်ပေးကြောင်း၊ ငွေစက္ကူများမှာမူ တစ်သောင်းတန်ငွေစက္ကူအသစ်များဖြစ်ကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်း CB Bank နှင့် ဧရာ၀တီဘဏ်များက ၎င်းတို့၏ ATM စက်များတွင် ငွေများ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတစ်ဆင့် ကြေညာထားသည်။
ဓာတ်ပုံ- တစ်သောင်းတန်ငွေစက္ကူများ။ (ပုံအဟောင်းဖြစ်ပါသည်။)
