ရန်ကုန်၊ ဇူလိုင် ၁၃
အကြမ်းဖက် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံခြားငွေ ချွေတာရေး၊ သွင်းကုန်ပိတ်ဆို့ ထိန်းချုပ်ရေး လုပ်ဆောင်နေသော်လည်း မင်းအောင် လှိုင်သား၊သမီးနှင့်အသိုင်းအ၀ိုင်းများက လျှပ်စစ်မော်တော်ယာဉ် EV များ ဆက်တိုက်တင်သွင်းခွင့်ရနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် UMFCCI စီးပွားရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ သမ္မတ အတုအယောင်အဖြစ် တာဝန်ယူပြီးနောက် EV ကားတင်သွင်းခွင့်သွင်းကုန်လိုင်စင် ၃၀၀ ဝန်းကျင် ချထားပေးခဲ့ပြီး လက်ရှိအချိန်တွင်လည်း EV ကားတင်သွင်းခွင့်လိုင်စင်များ ဆက်လက်ချထားပေးနေကြောင်း၊ အဓိကအားဖြင့် သွင်းကုန်လိုင်စင်ရရှိသူများမှာ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံနှင့် သီးခင်သီရိသက်မွန်တို့၏ အသိုင်းအ၀ိုင်းများမှဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော စက်သုံးဆီနှင့်စားအုန်းဆီများကို မင်းအောင်လှိုင်က တင်သွင်းခွင့်နှင့်ခွဲတမ်းများ လျှော့ချနေသော်လည်း လျှပ်စစ်မော်တော်ယာဉ် EV ကားများမှာမူ ရန်ကုန်ဆိပ် ကမ်းသို့ ဆက်တိုက် ဆိုက်ရောက်နေကြောင်း သိရှိရသည်။
ရန်ကုန်ဆိပ်ကမ်းများသို့ ယခုရက်ပိုင်းအတွင်း လျှပ်စစ်မော်တော်ယာဉ် (EV) စုစုပေါင်း အစီး ၂၀ ထက်မနည်း ဆိုက် ရောက်လာခဲ့ပြီးယင်း EV များတွင် အောင်ပြည့်စုံအသိုင်းအ၀ိုင်းက တင်သွင်းနေသော တရုတ် BYD အမျိုးအစား EV ယာဉ်၊ ခင်သီရိသက်မွန်အသိုင်းအ၀ိုင်းက တင်သွင်းသော Leapmotor အမျိုးအစား EV ယာဉ်များ ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါ လျှပ်စစ်မော်တော်ယာဉ်များအနက် အေးရှားဝေါလ်ဆိပ်ကမ်းရှိ ယာဉ် ၁၅ စီးကို ဇွန်လ ၃၀ ရက် နေ့တွင်လည်းကောင်း၊ သီလဝါဆိပ်ကမ်းရှိ ယာဉ် ၂ စီးကို ဇွန်လ ၃၀ ရက်နေ့နှင့် ကျန် ၃ စီးကို ဇူလိုင်လ ၁ ရက်နေ့တွင်လည်းကောင်း အကောက်ခွန်ရှင်းလင်းရေးလုပ်ဆောင်ပေးခဲ့ကြောင်း စစ်တပ်ကသတင်းထုတ်ပြန်ထားသည်။
တင်သွင်းလာသည့် EV ယာဉ်များကို ဇူလိုင်လ ၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျ စစ်ဆေးထုတ်ပေးခဲ့ပြီး၊ ၎င်းတင်သွင်းမှုများအတွက် သတ်မှတ်အခွန်အခများ ကောက်ခံထားရှိပြီးဖြစ်ကြောင်း သိရသည်။
“EV တွေကတော့ တောက်လျှောက်ဝင်နေတယ်။ သွင်းကုန်ထဲမှာ တောက်လျှောက်တင်သွင်းလို့ရတာ EV တွေပဲရှိတယ်။ သမီးတော်နဲ့သားတော်(ခင်သီရိသက်မွန်နှင့်အောင်ပြည့်စုံ) အသိုင်းအဝိုင်းဆီကနေ EV ကားတွေကို Show Room တချို့ ကလက်ကားပြန်ဝယ်ရတာ” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
ပြည်တွင်း EV ကားတင်သွင်းမှုများကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ၊ သမီး ခင်သီရိသက်မွန် တို့၏ အသိုင်းအ၀ိုင်းများကသာလက်ဝါကြီးအုပ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။
မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအသုံးပြုသော ယာဉ်များကို လျှပ်စစ်ကား EV များဖြင့် အစားထိုးရန် မူဝါဒချမှတ်နေချိန် သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့မှာ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ လျှပ်စစ်ကား EV များ အကြီးအကျယ် တင်သွင်းနေကြခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သူတို့က ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်နှင့် EV-လျှပ်စစ် ကားတင်သွင်းမှုများကို မြန်မာနိုင်ငံအတွင်းသို့ အကြီးအကျယ် တင်သွင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ် ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ် စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမှတ်တံဆိပ်အမျိုးအစားအပါအဝင် လျှပ်စစ် ကားအမျိုးမျိုးကို တင်သွင်းရောင်းချလျက်ရှိသည်။
မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင်ဆိုင်သော NPK Motor Co Ltd ကုမ္ပဏီက မြန် မာနိုင်ငံအတွင်းသို့ လျှပ်စစ်ကား အမှတ်တံဆိပ်အမျိုးမျိုးကို တင်သွင်းနေသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်းသည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိထားသည်။
အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက တရုတ် BYD ကုမ္ပဏီမှ EVလျှပ်စစ်ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင် တင်သွင်းနေကြောင်း သိရှိရသည်။




