မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ၊ စစ်ရှောင်ပြည်သူများ ဝမ်းရောဂါ ဖြစ်ပွားနေ
ရန်ကုန်၊ဇူလိုင် ၁၅
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း KNU ဗဟိုကပြောဆိုသည်။
ဇူလိုင်လ ၁၂ ရက်နေ့ ည ၇ နာရီခန့်တွင် မူးမြို့နယ် အတွင်းရှိ နတ်သံကွင်းမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၃ ပစ်ခတ်ခဲ့ရာ သေဂေလူ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၄၂ နှစ် အရွယ် နော်လီဇာနှင့် စောအယ်ဒိုထူးတို့ ဇနီးမောင်နှံ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့ ညအချိန်တွင်လည်း နတ်သံကွင်းမြို့ရှိ အကြမ်းဖက် စစ်တပ်က လက်နက် ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ ရေလဲ ကျေးရွာ အတွင်းကို ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိသော်လည်း ပြည်သူများကို ပစ်မှတ်ထားကာ ကျေးရွာ အတွင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေပြီး ပြည်သူများ ကျေးရွာများအတွင်း နေထိုင်ခြင်း မပြုရဲတော့ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေထိုင်နေကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခြင်း၊ ကျေးရွာထဲတွင် စခန်းချ ဝင်ရောက် တပ်စွဲခြင်း၊ လယ်ကွင်းများအတွင်း လယ်ထွန်နေသော ပြည်သူများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ခြိမ်းခြောက် မှုများ နေ့စဉ်နှင့်အမျှ ပြုလုပ်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများ လယ်ယာမြေမြောက်များစွာ ထွန်ယှက်စိုက်ပျိုးခြင်းမပြုရဲတော့ဘဲ ၎င်းတို့၏ လယ်များကို စွန့်ခွာကာ ပစ်ထားရကြကြောင်းသိရှိရသည်။
မူးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ရွာထဲ စစ်ကြောင်းထိုး၍ သော်လည်းကောင်း ရည် ရွယ်ချက်ရှိရှိ ကျေးရွာထဲကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ်မှု ပြုလုပ်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးတွင်း ကာလ ဖြစ်သည့်အလျောက် မသန့်ရှင်းသောရေ နှင့် ပတ်ဝန်းကျင်ကြောင့် ဝမ်းရောဂါ ပြဿနာများ ကြုံတွေ့နေရသည့် အပြင် နေရာထိုင်ခင်း နှင့် ဆေးဝါး မလုံလောက်မှု အခက်အခဲများနှင့်ပါ ရင်ဆိုင်ကြုံတွေ့ နေရ ကြကြောင်း သိရသည်။