By ရန်ကုန်ခေတ်သစ်
အကြမ်းဖက်စစ်ကောင်စီက ယာယီသမ္မတအဖြစ် တင်မြှောက်ထားတဲ့ မြင့်ဆွေ အထူးကြပ်မတ်ကုသဆောင် ICU ထဲမှာ ရှိနေပြီး သေတော့မယ်ဆိုတဲ့ သတင်းတွေဟာ အခုနှစ် ဧပြီလကတည်းက ထွက်ပေါ်ခဲ့တာပါ။
ထွက်ပေါ်နေတဲ့ သတင်းတွေကို ကောလာ ဟလအဖြစ် စစ်ကောင်စီနဲ့ စစ်တပ်လော်ဘီက အမြဲလိုလို ငြင်းပယ်ခဲ့ပေမယ့် မနေ့ညပိုင်းမှာတော့ မြင့်ဆွေ အထူး ဆေးကုသမှု ခံယူနေရပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က ကြေညာလာရပါတယ်။
ဒီလိုကြေညာလာရတာကလည်း လာမယ့်ဇူလိုင်လ ၃၁ ရက်နေ့မှာ ၆ လသက် တမ်း ပြည့်တော့မယ့် စစ်ကောင်စီကို သက်တမ်းတိုးပေးဖို့ မြင့်ဆွေ မဖြစ်မနေ ထွက်ပြီး မျက်နှာပြရတော့မယ့် အချိန်နီးကပ်လာလို့ စစ်ကောင်စီဘက်က အဲဒီလို သတင်းထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
မြင့်ဆွေအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို မဦးဆောင်နိုင်တော့သလို စစ်ကောင်စီကို သက်တမ်းတိုးပေးမယ့် ကာ/လုံအစည်းအဝေးမှာလည်း လာရောက်ပြီး ခေတ္တ ခဏ ထိုင်နိုင်တဲ့ အခြေအနေမရှိတော့တာလည်းဖြစ်ပါတယ်။
တကယ်လို့ မြင့်ဆွေ ကျန်းမာရေး ဆိုးရွားလာခဲ့ရင် (သို့မဟုတ်) မြင့်ဆွေ သေသွား ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာက စစ်ကောင်စီအတွက် မေးခွန်းတွေ ဖြစ်လာပါတယ်။
ယာယီသမ္မတ မြင့်ဆွေ သေသွားခဲ့ရင် စစ်ကောင်စီအနေနဲ့ အခြေအနေကို တင်ပြ ရတော့မယ့် သမ္မတ တစ်ဦးမှ မရှိတော့ပါဘူး။ သမ္မတ ဦးဝင်းမြင့်ကိုစစ်ကောင်စီက ဖမ်းဆီးထောင်ချထားသလို ဒုတိယသမ္မတ ဟင်နရီဘန်ထီးယူကိုလည်း စစ်ကောင်စီက ကျန်း မာရေးအရ ဆိုပြီး အနားပေးလိုက်ပါတယ်။
အရေးပေါ် အခြေအနေမှာ ယာယီသမ္မတကို တင်ပြပြီး ယာယီသမ္မတ ခွင့်ပြု ချက်နဲ့ ၆ လသက်တမ်းတိုး အုပ်ချုပ်လာတဲ့ စစ်ကောင်စီအတွက်တော့ တင်ပြ သက်တမ်းတိုးရတော့မယ် ယာယီသမ္မတ တစ်ဦးမှ မရှိတော့ပါဘူး။ အဲဒီအတွက် သမ္မတ တစ်ဦးကို စစ်ကောင်စီအနေနဲ့ ခန့်အပ် အစားထိုးတာမျိုး လုပ်မယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။
သမ္မတကို စစ်ကောင်စီက ခန့်လို့ရသလား
——————————————
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အုပ်ချုပ်ရေး၊ တရားစီရေးနဲ့ ဥပဒေပြုရေး အာဏာ ၃ ရပ်စလုံးကို အခြေခံဥပဒေအရ ရယူထားတယ်လို့ သူက ကြေညာထားပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင်အနေနဲ့ စတင် အာဏာ သိမ်းချိန်ကတည်းက အခြေခံဥပဒေနဲ့ မညီဘဲ သမ္မတကို ဖမ်းဆီးပြီး ဒုသမ္မတ မြင့်ဆွေကို ယာယီသမ္မတ တင်ပြီး ၆ လ အမြဲတမ်းသက်တမ်းတိုး အုပ် ချုပ်ခဲ့တာပါ။
ဒါ့အပြင် ဒုသမ္မတ ဟင်နရီဗန်ထီးယူကိုလည်း ဒုသမ္မတအဖြစ်ကနေ ကျန်း မာရေး အရ အနားပေးတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ စစ်ကောင်စီအနေနဲ့ အဲဒီလို ဒုသမ္မတ တစ်ဦးကို သူ့သဘောနဲ့ သူ အနား ပေးတာမျိုး လုပ်ခွင့်ရှိတယ်လို့ အခြေခံဥပဒေမှာ မပြဋ္ဌာန်းထားပါဘူး။
စစ်တပ်အနေနဲ့ အရေးပေါ် အခြေအနေမှာ သမ္မတ ၊ ဒုတိယသမ္မတတွေကို ခန့် အပ်ပိုင်ခွင့်၊ အနာပေးခွင့်ရှိတယ်လို့ တရားဝင်ပြဋ္ဌာန်းထားတာမျိုးမရှိပါဘူး။ သို့သော်လည်း စစ်ကောင်စီအနေနဲ့ အခြေခံဥပဒေအရ ပေးမထားတဲ့ အခွင့် အာဏာတွေကို ပေးထားသလိုလို လုပ်ဆောင်ခဲ့တာမို့ စစ်ကောင်စီအနေနဲ့ တာဝန်ခံ သမ္မတ ခန့်အပ်တာမျိုး လုပ်လာနိုင်ပါတယ်။
၂၀၀၈ အခြေခံဥပဒေရဲ့ အရေးပေါ် ပြဋ္ဌာန်းချက်တွေအရ စစ်တပ်အနေနဲ့ ၂ နှစ် သက်တမ်းအထိ ၆ လ ၄ ကြိမ်သာ သက်တမ်းတိုးခွင့်ရှိပေမယ့်လည်း စစ်ကောင်စီက ၂ နှစ်ကာလထက်ပို၍ ဥပဒေကို ကျော်လွန် သက်တမ်းတိုးခဲ့ပါတယ်။
“စစ်ခေါင်းဆောင်က အခြေခံ့ဥပဒေ ပုဒ်မ ၄၂၁ (ခ) အရ ၆ လ သက်တမ်း ၂ ကြိမ် ၊ ပုဒ်မ ၄၂၅ အရ နောက်ထပ် ၆ လ သက် တမ်း ၂ ကြိမ်ပဲ တိုးမြှင့်လို့ရတယ်။ အဲဒါကို သူက အခြေခံဥပေဒကို ကျော်လွန်ပြီးတော့ ၆ လ သက်တမ်းကို ၃ နှစ်ကျော်၊ ၄ နှစ်ထဲအထိ သူ့ဟာသူ သက်တမ်းတိုးနေတာဖြစ်တယ်။ ဒါ့အပြင် သူ့မှာ မရှိတဲ့ အာဏာတွေကို အခြေခံဥပဒေပုဒ်မ ၄၁၉ အရ သူ့မှာ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေးနဲ့ တရားစီးရင် အာဏာ ၃ ရပ်စလုံးရှိတယ်ဆိုပြီး ဒုသမ္မတဟင်နရီ ဗန်ထီးယူကိုတောင် အနားပေးခဲ့တာပဲ။ သူက သမ္မတ နောက်ထပ် ၁ ဦး တင် မြှောက်နိုင်တယ်ဆိုပြီး ပုဒ်မ ၄၁၉ အရ လုပ်ချင်လည်း လုပ်နိုင်တယ်။ တကယ်တော့ စစ်ခေါင်းဆောင်မှာ အခြေခံဥပဒေအရ သမ္မတတင်မြှောက်ခွင့်မပေးထားဘူး။ သို့သော်လည်း ဥပဒေဆိုတဲ့စကားရပ်က မပြဋ္ဌာန်းထားတာကို ပြဋ္ဌာန်းထား သယောင် ပုဒ်မတစ်ခုကို ကိုးကားပြီး ဆွဲယူ ကျင့်သုံးလို့ရတော့ သူလုပ်ချင် တာလုပ်လို့ရသလို ဖြစ်နေတာပေါ့” ဟု ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ဆိုသည်။
သမ္မတဟောင်း ဦးသိန်းစိန်ကို သမ္မတ ပေးမလား
————————————————–
အများစု ခန့်မှန်းကြတာကတော့ သမ္မတဟောင်း ဦးသိန်းစိန်ကို မင်းအောင်လှိုင်က သမ္မတအဖြစ်ခန့်အပ်ပြီး တာဝန်ခံခိုင်းမယ်ဆိုတာမျိုးတွေ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်အနေနဲ့ အဲဒီလို မလုပ်ချင်လို့ ငြင်းပယ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
မကြာသေးမီက တရုတ်နိုင်ငံကို တပ်မတော်လေယာဉ်နဲ့ ဦးသိန်းစိန်က သွား ရောက် အစည်းအဝေး တက်ရောက်ခဲ့ပြီး အဲဒီလို သွားတက်ဖို့ နေပြည်တော်လေဆိပ်ကို လိုက်လံပို့ဆောင်ရာမှာလည်း စစ်ကောင်စီရဲ့ ဝန်ကြီးတွေက လိုက်လံ ပို့ဆောင်နှုတ်ဆက်ခဲ့တာမို့ သမ္မတ ၁ ဦးလို ခေါင်းဆောင် ၁ ဦးလို သိန်းစိန်ကို မင်းအောင်လှိုင်က လက်ခံထားတယ်ဆိုတာကတော့ ငြင်းမရပါဘူး။
တကယ်လို့ မင်းအောင်လှိုင်အနေနဲ့ သူ့အပေါ်မှာ ရှိနေမယ့် သမ္မတ နေရာကို သူရဲ့ စီနီယာလည်းဖြစ်၊ သူ နှစ်စဉ် အခမ်းအနားနဲ့ ကန်တော့နေရတဲ့ ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်တဲ့ သိန်းစိန်ကို ခန့်အပ်နိုင်တယ်ဆိုတာ မမှားနိုင်တဲ့ ၊ မှန်ကန်လာနိုင်တဲ့ မှန်းဆချက်နဲ့ နိုင်ငံရေး အယူအဆ သဘောတရားလည်းဖြစ်ပါတယ်။ ဒါပေမယ့် သိန်းစိန်က သမ္မတ မလုပ်ဖူးလို့ ငြင်းရင်တော့ အခြေအနေက တစ်မျိုးဖြစ်လာနိုင်ပါတယ်။
သမ္မတ မရှိလည်း အမျိုးသားကာလုံကောင်စီအနေနဲ့ ဆက်အုပ်ချုပ်လို့ရ
———————————————————————
စစ်ကောင်စီအနေနဲ့ သမ္မတ မရှိလည်း ကာ/လုံ လို့ခေါ်တဲ့ အမျိုးသားကာ ကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖြစ် နိုင်ငံကို ဆက်ပြီး အုပ်ချုပ်လို့ရပါသေးတယ်။ အဖွဲ့ ဝင် ၁၁ ဦးမှာ သမ္မတ နဲ့ ဒုတိယသမ္မတ ၂ ဦး စုစုပေါင်း ၃ ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၁ ဦး စုစုပေါင်း အဖွဲ့ဝင် ၄ ဦး မရှိတော့ပေမယ့်လည်း ကာ/လုံ ကောင်စီ အဖွဲ့ဝင် ၇ ဦး ဆက်လက်ကျန်ရှိနေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တီခွန်မြတ်၊ တပ်ချုပ် မင်းအောင်လှိုင်၊ ဒု တပ်ချုပ် စိုးဝင်း၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့က ကာ/လုံအဖွဲ့ဝင်တွေ အဖြစ် ဆက်လက်တည်ရှိနေတာမို့ သမ္မတမပါဘဲ ကာ/လုံရဲ့ နာမည်နဲ့ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်နိုင်ပါတယ်။
နိဂုံးချုပ်ပြောရရင်တော့ စစ်ကောင်စီအနေနဲ့ သမ္မတ မရှိတော့ရင် စစ်တပ်အုပ် ချုပ်နေတဲ့ စစ်အုပ်ချုပ်ရေးဆိုတာ ပိုမိုပြီး ပီပြင်လာနိုင်တာမို့ စစ်အုပ်ချုပ်ရေး မဟုတ်ပါဘူးဆိုတဲ့ ငြင်းဆိုချက်ကို ဖော်ပြနိုင်ဖို့ သမ္မတ ၁ ဦး ခန့်အပ်လာနိုင်သလို သမ္မတ ၁ ဦး မခန့်ဘဲနဲ့လည်း မင်းအောင်လှိုင် အလိုကျ အကောင် အထည်ဖော်ရမယ့် ကာ/လုံအနေနဲ့လည်း ဆက်လက် သက်တမ်း အုပ်ချုပ်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟကွက်တွေ များစွာရှိနေတာကတော့ အသေအချာပါပဲ။
စကတည်းက အခြေခံဥပဒေချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ အခြေအနေက တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန် အခြေအနေ ကျရောက်နေတာမို့ မြင့်ဆွေ ရှိခြင်း၊ မရှိခြင်းက ထွက်ပေါက်ပိတ်နေတဲ့ နိုင်ငံရေးအတွက် ထူးခြားလာစရာမရှိတော့ဘူးလို့ ဆိုချင်ပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
