25 C
Yangon

မန္တလေးတွင် လူငယ်တချို့ကို ညအချိန် စစ်တပ်က ဝင်ရောက် ဖမ်းဆီး ပေါ်တာဆွဲခံရမှုများရှိဟုဆို

Must read

မန္တလေးတွင် လူငယ်တချို့ကို ညအချိန် စစ်တပ်က ဝင်ရောက် ဖမ်းဆီး ပေါ်တာဆွဲခံရမှုများရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၀

မန္တလေးမြို့တွင် လူငယ်တချို့ကို ညအချိန် ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ဆိုင်ကယ်များ စစ် ဆေး၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများရှိနေကြောင်း မန္တလေး ကင်းထောက်လူငယ်တချို့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုရက်ပိုင်း မန္တလေးတွင် စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး ဧည့်စာရင်းတိုင်ထားသည့်တိုင် လူငယ်တချို့ကို မသင်္ကာဟုဆိုကာ ဖမ်းဆီးသွားခြင်းများ ရှိနေကြောင်း ​ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်မှ ဖမ်းဆီးခံရသော လူငယ်တစ်ဦး၏ မိဘဆွေမျိုးများက ပြောဆိုသည်။

“ညနေ ၆ နာရီခွဲလောက်ပဲ ရှိသေးတယ်။ အိမ်ထဲကို အရပ်ဝတ်တွေဝင်လာပြီး ဧည့်စာရင်းစစ်မယ်ဆိုပြီး သန်းခေါင်စာရင်းထုတ်ခိုင်းတယ်။ သူတို့ပြခိုင်းတဲ့ စာရွက်စာတမ်း အစုံပါတာကို ဒီလူငယ်ကို မသင်္ကာဘူးဆိုပြီး အိမ်မှာရှိနေတဲ့ သားကို ဖမ်းသွားတယ်။ သားက အသက် ၁၉ နှစ်။ ၁၀ တန်း ၂ နှစ်ကျထားလို့ ပြန်ဖြေဖို့ စီစဉ်ထားတာ။ ဖမ်းဆီးပြီးတော့ လိုက်တော့ စစ်မှုထမ်းဖို့ သင်တန်းပို့လိုက်ပြီပြောတယ်။ စိတ်မပူနဲ့ ဆိုပြီး ရာအိမ်မှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောတယ်” ဟု ဖမ်းဆီးခံရသူ လူငယ် ၁ ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် မဟာအောင်မြေမြို့နယ်အတွင်းတွင်လည်း ပြည်သူများကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ ဖမ်းဆီးမှုတချို့ရှိနေကြောင်း၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ခဝါခြံ၊ ဆီစက်၊ ဒေးဝင်းအနောက်ရပ်ကွက်၊ နတ်ဝင်း၊ ပွတ်တန်း၊ ပုဏ္ဏားကုန်းဝင်း

ပဲဝင်း၊ မျက်ဝင်း၊ ရှမ်းဝိုင်း၊ လန်ဒန်ဝင်း၊ လယ်ကြီးချောင်း၊ သပြေညွန့်၊ သာသနာပိုင်၊ ဥပုသ်တော် ရပ်ကွက်များတွင် လူငယ်တချို့ ဖမ်းဆီးခံရမှုများရှိနေကြောင်း မန္တလေး ကင်းထောက်အဖွဲ့ဖြစ်သော VoMDY က ဆိုသည်။

မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်မှ ပြည်သူတစ်ဦးက ” ရာအိမ်မှူးက ပြောတာကတော့ တစ်လကို လူငယ် အရင်က ၂ ဦး စစ်မှုထမ်းရမှာကနေ အခုကတော့ တစ်လကို လူငယ် ၅ ဦးအထိ စစ်မှုထမ်းဖို့ တိုးခေါ်မယ်ပြောတယ်။ ပြည်သူ့စစ်သင်တန်းတက်ရင်တက်၊ မတက်ရင် ပြည်သူ့စစ်မှုထမ်း နဲ့ စစ်အခြေခံကျောင်းမှာ စစ်သားသစ်လုပ်ရမယ်ပြောတယ်။ လူငယ်တွေကတော့ ရှောင်ကုန်ကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လတ်တလော မန္တလေးတွင် တော်လှန်ရေးတပ်များက ရောက်ရှိ တိုက်ခိုက်နိုင်သည်ဆိုသော ပြောဆိုမှုများ လူထုအကြား ပြန့်နှံ့နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် စစ်ထဲသွပ်သွင်းခံရသည့် လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article