27 C
Yangon

ဘင်္ဂလားဒေ့ရှ် အစိုးရအလုပ်များတွင် လွတ်လပ်ရေး စစ်ပြန်မိသားစုဝင်များကို ဦးစားပေးခန့်ထားသည့် စနစ် ဖျက်သိမ်းရေး ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြ ပွဲကို အစိုးရက အကြမ်းဖက် နှိမ်နင်းမှု သေဆုံးသူ ပြည်သူ ၆၇ ဦးရှိလာ၊ တစ် နိုင်ငံလုံး ကာဖျူးအမိန့်ထုတ်

Must read

ဘင်္ဂလားဒေ့ရှ် အစိုးရအလုပ်များတွင် လွတ်လပ်ရေး စစ်ပြန်မိသားစုဝင်များကို ဦးစားပေးခန့်ထားသည့် စနစ် ဖျက်သိမ်းရေး ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြ ပွဲကို အစိုးရက အကြမ်းဖက် နှိမ်နင်းမှု သေဆုံးသူ ပြည်သူ ၆၇ ဦးရှိလာ၊ တစ် နိုင်ငံလုံး ကာဖျူးအမိန့်ထုတ်

ရန်ကုန်၊ ဇူလိုင် ၂၀

ဘင်္ဂလားဒေ့ရှ် အစိုးရအလုပ်များတွင် လွတ်လပ်ရေး စစ်ပြန်မိသားစုဝင်များကို ဦးစားပေးခန့်ထားသည့် စနစ် ဖျက်သိမ်းရေး ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြပွဲကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက် နှိမ်နင်းရာ သေဆုံးသူ ပြည်သူ ၆၇ ဦးရှိလာကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံး မငြိမ်မသက်မှုများနှင့် အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကို တန်ပြန်သော ဆန္ဒပြပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ကာဖျူးအမိန့်ကို ထုတ်ပြန်လိုက်သည်။

ကြမ်းတမ်းပြီး အဓိကရုဏ်းဆန်သည့် သွေးချောင်းစီး ဆန္ဒပြပွဲများ အတော မသတ်နိုင်၍ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံအတွင်း လုံခြုံရေးသတိပေးချက် အမြင့်ဆုံးအဆင့် ထုတ်ပြန်လိုက်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကိုတာ စနစ်နှင့် အစိုးရအလုပ်ခွဲတမ်း သတ်မှတ်ပေးသည့် မူဝါဒကို မကြိုက်၍ ကျောင်းသားများနှင့် လူငယ်များက ဆန္ဒပြပွဲ ဖော်ဆောင်နေရာ အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် နှစ်ဖက် မငြိမ်မသက် ပဋိပက္ခများ အကြီးအကျယ် ဖြစ်ပေါ်လာလျက်ရှိသည်။

ယခင်က ဆိုင်းငံ့ထားသည့် အစိုးရအလုပ်အကိုင်အခွင့်ထူး သတ်မှတ်ချက် စည်းမျဉ်းကို ပြန်လည်ကျင့်သုံးရန် ပြင်ဆင်ရာကနေ ဆန္ဒပြပွဲကို အစပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကို အားပေးထောက်ခံသူများ၏ သားသမီးများမှာ အစိုးရဝန်ထမ်းနေရာအတွက် တရားဝင်မဟုတ်သည့် မျက်နှာသာပေးခြင်းကို ရရှိထားကြသည်။

ထိုစနစ်ကို ဆန့်ကျင်ကြသည့် ကျောင်းသားများနှင့် လူငယ်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက အင်အားသုံး ဖြိုခွင်းမှုကြောင့် ပဋိပက္ခမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။

ဆန္ဒပြကျောင်းသားများနှင့် လူငယ်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက အခြားနည်းလမ်းဖြင့် ညှိနှိုင်းမေတ္တာရပ်ခံခြင်းကို ကျောင်းသားထုက ပယ်ချခဲ့ကြောင်း၊ အစိုးရရာထူးအတွက် ယခင်စည်းမျဉ်းများအား ကျင့်သုံးခြင်းကို ပယ်ဖျက်ရမည်ဟု တောင်းဆိုနေကြသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုင်းငံ့ထားသည့် မူဝါကို ပြန်လည်အသက်သွင်းနေဆဲဖြစ်ပြီး ကျောင်းသားထုနှင့် လူငယ်များက ဆန္ဒပြပွဲတွင် တုတ်များကိုင်ဆောင်သည်အထိ ဖြစ်လာပြီးနောက် နိုင်ငံပိုင်ရုပ်သံအဆောက်အဦးကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။

ဝန်ကြီးချုပ် ဟာဆီနာက ဆန္ဒပြမှုပွဲအတွင်း သေဆုံးဖြစ်စဉ်များကို ရှုတ်ချထားပြီး လူသတ်မှုမြောက်သည်ဟု ပြောနေသော်လည်း ဆန္ဒပြသူများက အစိုးရကပဲ သတ်နေခြင်းဖြစ်သည်ဟု တုန့်ပြန်ထားသည်။

ဆန္ဒပြပွဲအတွင်း သေဆုံးသူများထဲတွင် ကျောင်းသားလူငယ်များအပါအဝင် သတင်းထောက်တစ်ဦးကလည်း ပါဝင်နေကြောင်း သိရသည်။

လက်ရှိတွင်တစ်နိုင်ငံလုံး အလုပ်မဆင်းဘဲ အထွေထွေသပိတ်ဆင်နွှဲရန် ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အကြမ်းဖက် ကိုင်တွယ် သတ်ဖြတ်မှုများကြောင့် အခြေအနေမှာ ပိုမို ဆိုးဝါးလာဖွယ်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းများက ဆိုသည်။

ဆန္ဒပြပွဲများ၏ အခြေခံအကြောင်းတရားဖြစ်သော နှစ်စဉ် အစိုးရ အလုပ် အကိုင် ၃၀၀၀ ကို ဘွဲ့ရ လူငယ် ၄ သိန်းဝန်းကျင်က ဝင်ရောက်ယှဉ်ပြိုင်ရပြီး လွတ်လပ်ရေးစစ်ပြန် မိသားစုဝင်များမှာမူ အစိုးရအလုပ်အကိုင်ကို ဦးစားပေးစနစ်ဖြင့် ရရှိနေသဖြင့် ခွဲခြားဆက်ဆံမှုဟုဆိုကာ ကျောင်းသားများက ဆန္ဒပြကြခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင်ကို တည်ငြိမ်မှုရှိပြီး လစာကောင်းသော အလုပ်အကိုင်အဖြစ် လူကြိုက်များကြခြင်းကလည်း အကြောင်းတစ်ရပ် ဖြစ်သည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်အစိုးရက အင်တာနက်နှင့်ဖုန်းလိုင်းများကို ဖြတ်တောက်ထားပြီး ကာဖျူးအမိန့်ဖြင့် ဆန္ဒပြပွဲများကို တားဆီးရန် ကြိုးစားလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article