25 C
Yangon

AA ထိန်းချုပ်ထားသော သံတွဲနှင့် ငပလီကို ပြန်သိမ်းရန် စစ်ကောင်စီက စစ် အင်အား ရာချီ ဖြည့်တင်းနေ

Must read

AA ထိန်းချုပ်ထားသော သံတွဲနှင့် ငပလီကို ပြန်သိမ်းရန် စစ်ကောင်စီက စစ် အင်အား ရာချီ ဖြည့်တင်းနေ

ရန်ကုန်| ဇူလိုင် ၂၀

ရခိုင်ပြည် သံတွဲမြို့နှင့် ငပလီမြို့ကို အာရက္ခတပ်တော် AA ထိန်းချုပ်ပြီးနောက် ပြန်လည်သိမ်းနိုင်ရန် စစ်ကောင်စီက မောင်ရွှေလေးရေတပ်မှ တစ်ဆင့် အင် အား ရာနှင့်ချီ ထပ်ဖြည့်နေကြောင်း စုံစမ်းသိရသည်။

သံတွဲမြစ်ရှိ မောင်ရွှေလေးရေတပ်ကနေ ဇလွန်ရွာနှင့် ဂျိတ္တောရပ်ကွက်ကို အင် အား ၄၀၀ ထက်မနည်း စစ်ကောင်စီက ထပ်ဖြည့်တင်းနေကြောင်း စစ်ရေးသိသူများက ပြောသည်။

” မောင်ရွှေလေး ရေတပ်နဲ့ ဇလွန်ရွာ၊ ဂျိတ္တောရပ်ကွက်ဆိုတာ သိပ်မဝေးဘူး။ အဲမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်းငယ်လေးတွေရှိတယ်။ သံတွဲနဲ့ ငပလီမြို့ထဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း အဲဒီတပ်စခန်းငယ်တွေနဲ့ လာပူးပေါင်းနေတာ။ AA လက်ထဲက သံတွဲနဲ့ ငပလီမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ဇလွန်နဲ့ ဂျိတ္တောက တပ်တွေကို အင်အား ထပ်ဖြည့်နေတာဖြစ်တယ်။ ” ဟု ပြောသည်။

စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်ကတစ်ဆင့် ပြီးခဲ့သည့် နှစ်ပတ်ကျော်ခန့်က ဇလွန်ကျေးရွာမှာ တပ်စခန်း အသစ်ထိုင်ပြီး အင်အား ၂၀၀ ထက်မနည်း ထပ်ဖြည့်ထားသလို ဂျိတ္တောရပ်ကွက်မှာလည်း အင်အား ၂၀၀ ကျော် ထပ်ဖြည့်ထားသည်။

နောက်ထပ် သံတွဲစစ်ရေးသိသူတစ်ဦးက အာရက္ခတပ်တော် AA အနေဖြင့် သံတွဲမြို့နယ်ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ရန် သံတွဲမြစ်ထဲရှိ မောင်ရွှေလေးရေတပ်ကို ရှင်းလင်းနိုင်မှ ရမည်ဟု ပြောသည်။

” မောင်ရွှေလေးရေတပ်က ကျောက်ဖြူမှာရှိတဲ့ ဓညဝတီရေတပ်လိုမျိုးပဲ ရေတပ်စခန်းကြီးတယ်။ ကျောက်ဖြူရေတပ်ဌာနချုပ်ကနေ မောင်ရွှေလေးရေတပ်ကို စစ်ကောင်စီက စစ်သင်္ဘောတွေ၊ ရေငုတ်သင်္ဘောတွေနဲ့ အင်အားထပ်ဖြည့်၊ အဲကတစ်ဆင့် ဇလွန်နဲ့ ဂျိတ္တောကို အင်အား ဖြည့်တင်းနေတာ။ မောင်ရွှေလေးရေတပ်ကို အားကိုးပြီး ကျန်နေသေးတဲ့ တပ်စခန်းငယ်တွေနဲ့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေက AA ကို ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တယ်။ မောင်ရွှေလေးရေတပ်ကို သိမ်းပိုက်နိုင်မှ သံတွဲမြို့နယ်ကို AA က အပြည့်အဝ ထိန်းချုပ်လို့ ရနိုင်မယ်။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် ငပလီမြို့မှာရှိသည့် ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ပြီးနောက် သံတွဲမြို့ထဲသို့ ဝင်ရောက်ကာ သံတွဲမြို့နှင့် ငပလီမြို့ကို ထိန်းချုပ်ထားသည်။

သို့သော်လည်း ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများနှင့် မောင်ရွှေလေးရေတပ်က အင်အားဖြည့်ပြီး နောက်ဆုံးအထိ ခုခံကာကွယ်နေကြသည့်အတွက် AA မှာ သံတွဲမြို့နယ်တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။

သံတွဲမြို့နယ်တစ်ခုလုံး AA လက်ထဲသို့ အပြည့်အဝ ကျရောက်သွားပါက စစ်ကောင်စီအနေဖြင့် ဆုံးရှုံးနစ်နာမှု များပြားမည်ဟု သိရသည်။

သံတွဲမြို့နယ်တွင် ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံထားသော ငပလီကမ်းခြေအပါအဝင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ရာနှင့်ချီရှိနေသလို လူဦးရေ ၁ သန်းခန့်ကို လျှပ်စစ်ဓာတ်အားပေးနိုင်သော နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၈၆ ကီလိုဝပ် ထုတ်လုပ်နိုင်မည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းလည်းရှိကြောင်း သိရသည်။

ဓာတ်ပုံ- ၂၀၁၇ ခုနှစ်၊ ရခိုင်ဒေသမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article