မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးတွေနဲ့ အခမ်းအနားတွေကနေ ဖယ်ထုတ်ဖို့ အိတ်ဖွင့်ပေးစာပေးပို့တောင်းဆို
ရန်ကုန်၊ ဇူလိုင် ၂၀
အာဏာသိမ်းမြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးတွေနဲ့ အခမ်းအနားတွေကနေ ဖယ်ထုတ်ဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ၁စောင်ကို တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၃၃၃ ဖွဲ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အခမ်းအနားတွေကို မြန်မာစစ်အုပ်စုကို တက်ရောက်ခွင့်မပေးဖို့ တောင်းဆိုလိုက်တာလို့ သိရပါတယ်။
အိတ်ဖွင့်ပေးစာမှာ မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးတွေနဲ့ အခမ်းအနားတွေအားလုံးကနေ ဖယ်ထုတ်ဖို့နဲ့ မြန်မာပြည်သူလူထု ကိုယ်စားပြု ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးဖို့ကို တောင်းဆိုထားတာ တွေ့ရပါတယ်။
စစ်အုပ်စုခေါင်းဆောင်ပိုင်းတွေကို အဆင့်မြင့်အစည်းအဝေးတွေက ဖယ်ထုတ်ဖို့၂၀၂၁ ခုနှစ်အောက်တိုဘာလကတည်းက သဘောထား ချမှတ်ခဲ့ပေမယ့် အခု ကျင်းပတော့မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အခမ်းအနားတွေမှာ စစ်အုပ်စုကိုယ်စားလှယ်တွေကို တက်ရောက်ဖို့ ဖိတ်ကြားတာဟာ စစ်ကောင်စီအတွက် အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ဖို့ “နောက်ဖေးဝင်ပေါက်” တစ်ခု ဖန်တီးပေးနေသလို ဖြစ်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။
အာဆီယံအစည်းအဝေးတွေနဲ့ အခမ်းအနားတွေမှာ စစ်အုပ်စုကို ဖယ်ထုတ်ဖို့နဲ့ မြန်မာပြည်သူတွေကိုယ်စား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားတဲ့ အစိုးရကို ကိုယ်စားပြုခွင့်ပေးဖို့ လိုအပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။
ဓာတ်ပုံ- အင်ဒိုနီးရှားတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်း အဝေးပွဲမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)