ရေဖြူမြို့နယ်တွင် မောရဝတီ ရေတပ်မှ အရာရှိများ လိုက်ပါလာသော အိမ်စီးကားကို ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံး၊ ကားလမ်းဘေး မြောင်းထဲ ထိုးကျ
ရန်ကုန်၊ ဇူလိုင် ၂၂
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်-ကလိန်အောင် လမ်းပိုင်း တစ်နေရာတွင် မောရဝတီ ရေတပ်မှ အရာရှိများ လိုက်ပါလာသော အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ကားလမ်းဘေး မြောင်းထဲ ထိုးကျသွားကြောင်း ဒေါနတပ်ခွဲ – ၆ ဝေဟင် တပ်ဖွဲ့က ပြောဆိုသည်။
ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၄၀ ခန့်တွင် ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ကလိန်အောင် မြို့ဘက်ကို ထွက်လာသော ရေတပ် အရာရှိပိုင်းနှင့် စရဖများ လိုက်ပါလာသည့် အိမ်စီးကားကို ကံပေါက်-ကလိန်အောင် လမ်းပိုင်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲမှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ကားမှာလည်း လမ်းဘေးမြောင်းထဲ ထိုးကျသွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် အရာရှိ ၁ ဦးနှင့် တပ်ကြပ်အဆင့်ရှိသူ ၁ ဦသေဆုံးပြီးနောက် ကျောကျည်ထိမှန်ဒဏ်ရာရရှိသူ ၁ ဦးနှင့် လက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိသူ ၁ ဦး စုစုပေါင်း ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကံပေါက်ဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆၀ ခန့်ပါဝင်သော ကားအကြီး ၂ စီးဖြင့် စစ်ကူ လိုက်လာပြီး ကံပေါက်ရေတော်ပေါ်မှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ဒေါနတပ်ခွဲ -၇ (DDT)နှင့် မဟာမိတ်များ ဖြစ် သော KAWTHOOLEI ARMY (ကော်သူလေးအာမီ) ၊ ရွှေဘီလုံးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ အကြား ပစ်ခတ်မှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ကြောင်း၊ စစ်ကောင်စီတပ် အနေဖြင့် ပြည်သူ့ကားများ အသုံးပြု၍ ဟန်ဆောင်သွားလာနေကြောင်း၊ ထို့ကြောင့် ညနေ ၆ နာရီမှ နံနက် ၆ အတွင်း ခရီးသွားလာခြင်းမပြုကြရန် ဒေါနတပ်ခွဲ – ၆ ဝေဟင် တပ်ဖွဲ့က အသိပေးထားသည်။