စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်းစီ ထပ်မံတိုးမြှင့်ပေးမည်ဟု ကြေညာ၊ ငွေ ကြေး ဖောင်းပွမှုနှင့်ကုန်စျေးနှုန်းများ ထပ်မံ မြင့်တက်မည်ကို ပြည်သူများစိုးရိမ်နေရ
ရန်ကုန်၊ ဇူလိုင် ၂၆
အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩ ဂုတ် လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်းထပ်မံတိုးမြှင့်ပေးမည်ဟု စစ်ကောင်စီက ယနေ့ကြေညာသည်။
၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် နိုင်ငံ့ဝန်ထမ်းများကို လက်ရှိလစာအပြင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ကြေးကို ပထမအကြိမ် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခုအခါ လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အဖြစ် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ စီ ဒုတိယအကြိမ် ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
အဆိုပါ ကြေညာချက်ကြောင့် စစ်ကောင်စီက ငွေကြေးစက္ကူအသစ်များ ပိုမိုရိုက်ထုတ်ကာ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာမည်ကို ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
“လစာတိုးတယ်လို့ မပြောချင်လို့ အပိုထောက်ပံ့ကြေးလို့ သူတို့ သုံးနေတာ။ သူတို့က ငွေတွေ ရိုက်ထုတ်ရင် ကုန်စျေးနှုန်းတွေက အဆမတန်တက်ဦးမယ်။ ငွေက တန်ဖိုးမရှိ။ ဝန်ထမ်းနဲ့ အငြိမ်းစား ဝန်ထမ်းက ၇ သိန်း၊ ၈ သိန်းလောက်ပဲရှိတာ။ အလွန်ဆုံး ၁ သန်းပေါ့။ တကယ်လက်တွေ့ ဒဏ်ခံရတာက ပြည်သူ သန်း ၅၀ ကျော်ပဲ။ ငွေတွေ အဆမတန် ရိုက်ထုတ်နေတော့ ငွေကြေးဖောင်းပွပြီး ကုန်စျေးနှုန်းက တက်ဦးမှာပဲ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ငွေကြေးဖောင်းပွမှုကြောင့် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ ဝန်းကျင်နှင့် ရွှေစျေးနှုန်းမှာ သိန်း ၆၂ သိန်းဝန်းကျင်တွင် စျေးရှိနေကြောင်း သိရှိရသည်။