25 C
Yangon

မြ၀တီမြို့ ရေဆက်လက်ကြီးနေဆဲဖြစ်ပြီး အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည် ရေး တံတား ပိတ်ထားရ

Must read

မြ၀တီမြို့ ရေဆက်လက်ကြီးနေဆဲဖြစ်ပြီး အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည် ရေး တံတား ပိတ်ထားရ

ရန်ကုန်၊ ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ယနေ့ အထိ သောင်ရင်းမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် ရေများကြီးနေဆဲဖြစ်ပြီး အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပိတ်ထားရကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ပြီး သောင်ရင်းမြစ်ရေသည် တအိအိတက်လာရာမှ ဇူလိုင်လ ၂၆ ရက်နေ့ ယမန်နေ့ တစ်နေ့လုံး ရေကြီးခဲ့ကြောင်း၊ ကယ်ဆယ်ရေးများ လုပ်ဆောင်ထားရပြီး အနိမ့်ပိုင်းမှ ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းနေရကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရေကလေ ငြိမ်ပြီး တက်တာမျိုးမဟုတ်ဘူး။ ရေစီးသန်နေတယ်။ ရေလည်းကြီးတယ်။ ရေလည်း စီးတယ်။ အနိမ့်ပိုင်းတွေကတော့ အကုန်မြှုပ်သွားပြီး။ မြို့ထဲ တာလမ်းတွေပေါ်မှာ ရေကျော်တာ။ မနေ့ညက မိုးမရွာတော့ ရေပြန်ကျမယ်ထင်တာ။ မနက်အစောပိုင်း တက်လာတယ်။ အခုတော့ နည်းနည်း ရေတန့်နေတယ်။ ဒါပေမယ့် မိုးက ရွာနေတယ်။ အခြေအနေက ရေပြန်ကျဖို့ ခက်ဦးမယ်ထင်တယ်”ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြ၀တီမြို့တွင် ရေဘေးဒုက္ခသည် ၁၀၀၀ ဝန်းကျင်ရှိနေပြီး ရေလွတ်သော ဘုန်း ကြီး ကျောင်းများ၊ စာသင်ကျောင်းများတွင် နေရာချထားကြောင်း၊ လတ်တလော ရေကြီးမှုကြောင့် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ရေများတက်လာသဖြင့် အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကိုလည်း ပိတ်ထားရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article