ရန်ကုန်၊ ဧပြီ ၃၀
ရန်ကုန်တွင် ပြုလုပ်သည့် နှစ် ၇၀ ပြည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ အကြမ်းဖက် အသွင်ပြောင်း မင်းအောင်လှိုင် တက်ရောက်စဉ် ယခင်ခရီးစဉ်များထက် လုံခြုံရေး ၂ ဆတိုးချပြီး ရန်ကုန်လေဆိပ်ဝန်းကျင် ရပ်ကွက်များတွင်ပါ စစ်တပ်ချထားကြောင်း ဒေသပြည်သူများနှင့် စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ ဧပြီလ ၃၀ ရက်နေ့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ဧပြီလ ၃၀ ရက်မှ မေလ ၂ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပသည့် ဆဋ္ဌသင်္ဂါယနာတင်အောင် ပွဲ နှစ် ၇၀ပြည့်အောင်ပွဲသို့ မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှတို့ တက်ရောက်လာခြင်းဖြစ်သည်။
မင်းအောင်လှိုင်က ယနေ့ပွဲ လာရောက်ရန်အတွက် ဧပြီလ ၂၈ ရက်နေ့ကလည်း ရန်ကုန်လေဆိပ်၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်မြို့နယ်တို့တွင် စစ်တပ်များ၊ ရဲများကို ကင်းပုန်းများ ချထားခဲ့ကြောင်း သိရှိရသည်။
“သူတို့က လမ်းတွေမှာ လုံခြုံရေးယူရုံတင်မက၊ ရပ်ကွက်တွေထဲအထိပါ စစ်တပ်လာချတာ။ လေဆိပ်နားက ရပ်ကွက်တွေရဲ့ ဘောလုံးကွင်းနားမှာ၊ ဓမ္မာရုံမှာကော စစ်သားတွေ လာချထားတယ်။ အရင် သူ့ခရီးစဉ်တွေတုန်းက ဒီလောက်ကြီး လုံခြုံရေး မချဘူး။ လမ်းပေါ်မှာ ချတာ။ အခုက လေဆိပ်ပတ်ပတ်လည် ရပ်ကွက်တွေမှာပါ ချထားတာ။ စစ်တပ်ကို ညအိပ်ပြီးတော့ကို အစောင့်ချထားတာ” ဟု လေဆိပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ရန်ကုန်- ပြည်လမ်း၊ ရန်ကုန်-အင်းစိန်လမ်း၊ ရန်ကုန်-ကမ္ဘာအေးလမ်းတစ်လျှောက်တွင်လည်း စစ် တပ်၊ ရဲနှင့် ပြည်သူ့စစ်များကို ဓာတ်တိုင် တစ်တိုင်လျှင် လုံခြုံရေး အုပ်စု တစ်စု နှုန်းဖြင့် ချထားကြောင်း၊ ဒရုန်းဂျန်ဘာဖြတ်တောက်စက်များ တပ်ဆင်ထားသော အဆင့်မြှင့် လုံခြုံရေးစနစ်များ တပ်ဆင်ထားသော ကားများကိုလည်း လမ်းများပေါ်တွင် လှည့်လည်သွားလာခြင်း၊ နေရာပေါင်းစုံတွင် ရပ်နား ထားခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။
“ဒီတစ်ခေါက် ဒရုန်းဂျန်ဘာ ဖြတ်တောက်စက်ပါတဲ့စစ်ကားတွေ တော်တော်ကို သုံးတယ်။ ကားတွေလည်းသုံးသလို ကင်းတဲတွေမှာပါ ဒရုန်းဖြတ်တောက်စက်ကြီးတွေ လွှင့်ပြီး တင်ထားတာ။ နောက်ပြီး ဒရုန်း Guard လက်နက်တွေလည်း အတော်များများကို ထုတ်ပေးထားတယ်” ဟု ရန်ကုန်မှ စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် မင်းအောင်လှိုင် အိမ်ရှိရာ ရန်ကုန်မြို့ အင်းလျားလမ်း ခြံအမှတ် ၁၄ ဘက်အခြမ်းတွင်လည်း စစ်တပ်၊ ရဲနှင့် ယာဉ်ထိန်းရဲများကို တပ်ဖွဲ့အုပ်စုများအလိုက် ချထားပြီး လမ်းများပါ ပိတ်ဆို့ထားကြောင်း သိရှိရသည်။




