မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်း လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်း လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း PEACOCK DRONE TEAM-MYAUNG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့တွင် မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်း လမ်းခွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၅ ဦးခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်ကြောင်းမှူး လက်မောင်းတွင် ဒဏ်ရရှိကာ လက်ဖြတ်ရမည်ဟု သတင်းရရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း PEACOCK DRONE TEAM-MYAUNG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို PEACOCK DRONE TEAM-MYAUNG ၊ STANDARD REVOLUTION FORCE SRF-MMU ၊ မိုင်းမင်းသား တို့နှင့်အတူ နယ်မြေခံ PDFများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။