မိုးမိတ်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ၊ ကျောက်မဲမြို့နယ်တွင် စစ်တပ်က Y-12 လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ကျဲချ ပို့ဆောင်
ရန်ကုန်၊ ဇူလိုင် ၃၀
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်းကို TNLA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကာ ကျောက်မဲမြို့နယ်တွင် စစ်တပ်က Y-12 လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ကျဲချ ပို့ဆောင်နေကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဇူလိုင် ၃၀ ရက်နေ့တွင် မိုးမိတ်မြို့ရှိ မိုးမိတ်ဗျူဟာကုန်းကို နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် တအာင်းတပ်မတော် TNLA က စစ်ဆင်ရေး ဆက်လက် ပြုလုပ်လျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) ခလရ (၃၄၈) တိုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ မိုးမိတ်မြို့နယ် ဒိုးပင်ရွာတွင်လည်း တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၂၇၆) တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။
ထိ့်ပြင် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးမိတ်ဗျူဟာကုန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က Y12 ဖြင့် ဗုံး ၁၄ လုံး လာရောက် ကျဲချခဲ့ပြီး ကျောက်မဲမြို့နယ်တွင်လည်း စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းကို စစ်တပ်က Y12 ဖြင့် လက်နက်ခဲယမ်းများ လာရောက် ကျဲချ ပို့ဆောင်ခဲ့ကြောင်း သိရသည်။