ရန်ကုန်၊ ဇွန် ၁၂
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နှစ်ကရင်ရွာမှ ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၉ ရက်နေ့တွင် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအုပ်စုရှိ ဘူတာပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်လွင် ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က နယ်မြေရှင်းလင်းရန်ဟုဆိုကာ မေလကုန်ပိုင်းမှ စတင်၍ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို စစ်ကြောင်းသည် ဇွန်လ ၉ ရက်နေ့တွင် နှစ်ကရင်ရွာမှ စိတ်ရာဂါခံစားနေရသော အမျိုးသား ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လက်ရှိချိန် ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ ထိုစစ်ကြောင်းတွင် လက်ရှိချိန်တွင် ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရှိရသည်။
“နှစ်ကရင်ရွာက စိတ်ရောဂါ ခံစားနေရတဲ့ ပြည်သူ အမျိုးသား ၁ ဦး အပါအဝင် ၁၀ ဦးလောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲ့စစ်ခွေးစစ်ကြောင်းက အခုတော့မရှိတော့ဘူး ပြန်ဆုတ်သွားပြီး သူတို့ဖမ်းသွားတဲ့ ပြည်သူတွေတော့ မလွှတ်သေးဘူး။ စစ်မှုထမ်းအဖြစ်ရောင်းစားလိုက်ပြီလာတော့ မသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“တောင်ပိုင်းက ရွာကို ဗုံးကျဲတယ်ဆိုတာပဲ သိရတယ်။ ထိခိုက်မှု အခြေအနေကိုတော့ ကျနော်တို့လည်း မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူ ၁ ဦးကို ဖမ်းဆီးလာစဉ် (ပုံအဟောင်းဖြစ်သည်)




