ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော် မီးလောင် ပျက်စီး
ရန်ကုန်၊ ဩဂုတ် ၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှားရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၅ ရက်နှင့် ဇူလိုင်လ ၂၉ ရက်နေ့ထိ ကန့်ဘလူမြို့နယ် တောင်ဘက်ပိုင်းရှိ ၅ ရက်ကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၈ ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ကောင်းရွာမှ နေအိမ် ၇၅ လုံး ၊ ရှမ်းတပ်ရွာမှ နေအိမ် ၁၁၅ လုံး ၊ မဲသည်ရွာမှ နေအိမ် ၆၅ လုံး ၊ သပြေသာရွာမှ နေအိမ် ၄၅ လုံး ၊ ဘိုကုန်းရွာမှ နေအိမ် ၆၄ လုံး ၊ ပေလည်ရွာမှ နေအိမ် ၆၀ လုံး ၊ ဆူးပုတ်ကုန်းရွာမှ နေအိမ် ၁၀ လုံး နှင့် ညောင်ဇင်ကြီးရွာမှ နေအိမ် ၄၀ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို လက်နက်ကြီး ၊ ဒရုန်းများဖြင့် ဝင်ရောက် စီးနင်းခြင်း မပြုလုပ်မီ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်