လားရှိုးသို့ စစ်ကူလာသော စကခ ၁၂ စစ်ကြောင်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး အဆုံးစီရင်၊ မိုးမောက်မြို့နယ်၊ ခမရ ၄၃၇ တပ်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး စည်သူကျော် တိုက်ပွဲတွင် သေဆုံး
ရန်ကုန်၊ ဩဂုတ် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ စစ်ကူလာသော အမှတ် ၁၂ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂ )မှ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူး ကြီးအောင်ကျော်မိုးသည် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သတင်းထုတ်ပြန် ပြောဆိုသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ စစ်ကူလာသော အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂ )စစ်ကြောင်းသည် တန့်ယန်းမြို့နယ် ဟိုနရွာကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် စကခ ၁၂ ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူး ကြီး အောင်ကျော်မိုးသည် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗိုလ်မှူးကြီးအောင်ကျော်မိုးက တပ်မတော်(ကြည်း) အရာခံနဲ့ အကြပ်သင်တန်းကျောင်းက ကျောင်းအုပ်ကြီးလုပ်ခဲ့တာ။ တေဇ ၂၄ ကျောင်းဆင်းလို့တော့ သိထားပါတယ်။ သူ့ကိုယ်သူ အဆုံးစီရင်တဲ့သတင်းကိုတော့ သေချာတော့ မသိရသေးဘူး။ သူကတော့ အေးအေးဆေးဆေးသမားပဲ။ စကခ ၁၂ ရဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးဖြစ်လာတာတောင် သိပ်မကြာသေးဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ KIA ဦးဆောင်သော မဟာမိတ်တပ်များ တိုက်ခိုက်နေသည့် မိုးမောက်မြို့နယ်၊ ခမရ ၄၃၇ တပ်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးစည်သူကျော်သည် ဇူလိုင်လ ၃၀ ရက်နေ့ တိုက်ပွဲတွင် သေဆုံးသွားကြောင်း၊ ယနေ့တွင် ၎င်း၏ မိဘများ ရှိသော မကွေးမြို့ နေအိမ်သို့ တရားဝင် အကြောင်းကြားစာ ရောက်ရှိလာကြောင်း သိရှိရသည်။
ဗိုလ်မှူး စည်သူကျော်သည် နမ့်ဆန်သို့ ပြောင်းရွှေ့ရန် အမိန့်ကျထားပြီးဖြစ်သော်လည်း မိုးမောက်မြို့နယ်တွင် ၎င်း၏ တပ်အတိုက်ခံနေရသဖြင့် မပြောင်းနိုင်ဘဲ ဖြစ်နေစဉ် တိုက်ပွဲအတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- လားရှိုးတွင် ကင်းလှည့်နေသည့် MNDAA တပ်ဖွဲ့ဝင်တချို့။