အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် ထွက်ပြေးပြီဟုဆို၊ အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ရာထူးမှ ဖယ်ရှားခံရပြီး ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အမှတ် ၂ ကစမှူး အသစ်အဖြစ် အစားထိုးခန့်အပ်
ရန်ကုန်၊ ဩဂုတ် ၄
MNDAAက လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် တိုင်းမှူးဖြစ်သော ဗိုလ်မှူးချုပ် စိုးလှိုင်သည် မူဆယ်မှ ထွက်ပြေးသွားပြီဟု ကြားသိရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဇူလိုင်လလယ်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှ အနားပေးပြီး တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း၊ ဗိုလ်မှူးချုပ်စိုးလှိုင်သည် တိုင်း မှူး အသစ်အဖြစ် ၁ လပင် တာဝန်မထမ်းဆောင်ရဘဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် ဗိုလ်မှူးချုပ်စိုးလှိုင်သည် မူဆယ်မှ ထွက်ပြေးသွားပြီဟုကြားသိရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
” ဗိုလ်မှူးချုပ်စိုးလှိုင်က တိုင်းမှူးသစ်ဖြစ်တဲ့အချိန်မှာလည်း သူက လားရှိုးကို မသွားဘူး။ မူဆယ်မှာပဲ ထိုင်ပြီး ကွပ်ကဲနေတာ။ သူ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးအသစ်ဖြစ်လိုက်တဲ့ကာလက ၁ လတောင် မရှိဘူး။ တိုင်းမှူးအဟောင်း ဗိုလ်ချုပ်စိုးတင့်ကတော့ လားရှိုးမှာပဲ ရှိနေခဲ့တာ။ အခု ရမခကျသွားတော့ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်စိုးလှိုင်လည်း မူဆယ်ကနေ လစ်ပြီလို့သိရတယ်။ ဆက်သွယ်လို့ မရတော့ဘူးလို့ပြောတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
အခြားတစ်ဖက်တွင်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကွပ်ကဲနေသော အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ရာထူးမှ ဖယ်ရှားခံရပြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အမှတ် ၂ ကစထမှူးအဖြစ် အစားထိုးခန့်အပ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အရပ်ဝတ်မှာ အမှတ် ၂ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးဖြစ်ပြီး စစ်ဝတ်စုံဖြင့် ဗိုလ်ချုပ်မှာ တြိဂံတိုင်းမှူးဘ၀ မြင်တွေ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဖြစ်သည်။