သိန္နီမြို့ကို ဇူလိုင်လအတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၆
ရှမ်းပြည်နယ်၊ သိန္နီမြို့ကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လအတွင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လအတွင်း ကိုးကန့်တပ် MNDAA က လားရှိုးမြို့ကို ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေနှင့် အကြမ်းဖက်စစ်တပ်က သိန္နီမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၁၃ ဦး သေဆုံးကာ ၂၄ ဦး ဒဏ်ရာရသည့်အပြင် စာသင်ကျောင်း ၃ ကျောင်းအပါအဝင် အဆောက်အအုံ ၄၀ ကျော် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
” အဓိကက စစ်ကောင်စီက ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေ တိုက်ပွဲမရှိဘဲနဲ့ ဆက်ပြီးမှ လုပ်ဆောင်နေတယ်ရှင့်။ စစ်ကောင်စီရဲ့ လေယာဉ်ပျံသန်းမှုနဲ့ လေယာဉ်ဆီ ဖြတ်တောက်မှုလုပ်ငန်းတွေကို တစ်ရှိန်ထိုးလုပ်ဆောင်ဖို့ လိုနေတယ်လို့ မြင်ပါတယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်သည် သိန္နီမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ရာတွင် လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် MNDAA နှင့် ၎င်း မဟာမိတ်တပ်ဖွဲ့များက စတင်တိုက်ခိုက်သည့် ဇူလိုင်လ ၃ရက်နေ့တွင်စတင်ခဲ့ပြီး သိန္နီမြို့ ရဲစခန်းအနီးတွင် ပေါင် ၅၀၀ ဗုံး ၃ လုံးကျဲချခဲ့သည့်အတွက် ပြည်သူ့နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ရကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့တွင် မိုင်းလီကျေးရွာအုပ်စု ရပ်ကွက် ၂ သို့ တိုက်ပွဲ မဖြစ်ဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကျဲချခဲ့ပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း ရပ်ကွက် ၁ ,၂,၃ များကို နံနက် ၂ နာရီအချိန်တွင် တိုက်ပွဲ မဖြစ်ဘဲ ဗုံးကျဲချခဲ့ကြောင်း သိရှိရသည်။
ထိုပြင် ဇူလိုင် ၁၃ ရက်နေ့တွင်လည်း ဝိန်းနန်း ရပ်ကွက် ၄ ကို လေကြောင်းက ဗုံးကျဲချခဲ့ပြီး ဇူလိုင် ၁၈ ရက်နေ့ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၁ ကို ဗုံးကျဲချသည့် ဖြစ်စဉ်တွင်မူ သိန္နီမြို့မဈေးအတွင်း လူစည်ကားချိန် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ပေါင် ၅၀၀ ဗုံးကျလာခြင်းဖြစ်ပြီး ပြည်သူ ၁၀ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်တပ်သည် ဇူလိုင်လ ၂၅ ရက်နေ့တွင်လည်း သိန္နီမြို့ ရပ်ကွက် ၂ သို့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဧရာမ ဗုံးများ ဆက်တိုက်ကျဲချသည့်အတွက် ကြီးမားသည့် တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့ကာ နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ကြောင်း၊ ဗုံးကျဲသည့်အတွက် ဖြစ်ပေါ်လာသည့် တွင်းပေါက်သည့် ပေါင် ၅၀၀ ဗုံးကြောင့် ဖြစ်သည်ထက် ပို၍ ကြီးမားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း သိန္နီမြို့ ရပ်ကွက် ၄ ကို နံနက် ၂ နာရီခန့်အချိန်တွင် လေကြောင်းက ဗုံးကျဲချခဲ့သည့်အတွက် အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ နေအိမ် အနည်းဆုံး ၄၃ လုံး ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ အဖြစ်အပျက်များသည် အကြမ်းဖက်စစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA တပ်ဖွဲ့က သိန္နီမြို့ကို ထိန်းချုပ်နိုင်သည့် ၂၀၂၄ ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲတစ်စုံရာမရှိခဲ့ရာမှ MNDAA တပ်ဖွဲ့က လားရှိုးမြို့ စစ်ဆင်ရေးစတင်သည်နှင့် သိန္နီမြို့ကို လေကြောင်းတိုက်ခိုက်ကာ စုစည်းလက်တုံ့ပြန်အပြစ်ပေးခြင်းကို ရှင်းလင်းစွာ ညွှန်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။