ရွှေဘို၊ ဇီးကုန်းလေးရွာရှိ စစ်တပ်၏ မူးတံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၁၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးရွာရှိ အကြမ်းဖက် စစ်တပ်၏ မူးတံ တားဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် တိုက်နယ် (၁) ပကဖ Golden Future Force-Shwebo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီ ၅၆ မိနစ်အချိန် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူစောထီးရွာရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ကင်းယူထားသော မူးတံတားဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-3 သေနတ် ၁ လက် ၊ ကျည် ၁၀၁ တောင့်နှင့် M-1 ကာဘိုင် ၁ လက် ကျည် ၇၀ တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
” ဒီ mission အတွက် ကြိုးစားလိုက်ရတာ ဒါက ဒုတိယ အကြိမ်ပါ။ ပထမအကြိမ် တိုက်ခိုက်တုန်းက ပစ္စည်းမရလိုက်လို့ အခု ဒုတိယအကြိမ်ပြန်ကြိုးစားပြီး လက်နက်ရအောင် တိုက်ခိုက်ခဲ့တာပါ” ဟု ရွှေဘိုမြို့နယ် တိုက်နယ် (၁) ပကဖ Golden Future Force-Shwebo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် တိုက်နယ် (၁) ပကဖ Golden Future Force-Shwebo နှင့် Golden Heroes Force-Shwebo အဖွဲ့တို့က လုပ် ဆောင် ခဲ့ပြီး ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) နှင့် နယ်မြေခံ ဘီလူးညီနောင် ပကဖ အဖွဲ့တို့က ဖြတ်တောက်ရေး ကာကင်းအဖြစ် ပူးပေါင်း ပါဝင်ပေးခဲ့ကြောင်း သိရသည်။