ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် စစ်ယာဉ်တန်း ၃ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူ များပြားပြီး ၅ ဦး အရှင်ဖမ်းမိကာ လက်နက် ၄ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၁၁
မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် အကြမ်းဖက် စစ်ယာဉ်တန်း ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးသေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူမြို့မှ ရေစကြိုမြို့နယ် ဘက်သို့ လက်နက် ခဲယမ်းရိက္ခာဖြည့်တင်းရန် စစ်ကား ၂ စီး၊ ဖောကား ၁ စီးဖြင့် ထွက်ခွာလာသော အကြမ်းဖက် စစ်သားများကို လမ်းပိုင်း တစ်နေရာ အရောက် မိုင်းဆွဲပြီး ကြားဖြတ် စီးနင်းတိုက်ခိုက်ခဲ့ရာ နောက်ဆုံးကားကို ထိမှန်ခဲ့ပြီး ကျန်စစ်ကား ၂ စီးပေါ်ပါ အကြမ်းဖက် စစ်သားများနှင့်လည်း အ ပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ PDF အလုပ်ကို တာဝန်ကြေအောင် လုပ်နေခြင်းဖြစ်တယ်။ စစ်ခွေးတွေအနေနဲ့လည်း နေဝင်ချိန်ကတော့ နီးနေပါပြီ ကား ၃ စီးလုံးကို မိုင်းရောဆွဲတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရောပစ်တာ ပခုက္ကူ တပ်မ ၁၀၁ ပါတယ်။ ၂၅၉ ပါတယ်။ မြို့မရဲစခန်းက ရဲတွေပါတယ်။ ပြည်သူ့စစ်တွေပါတယ်။ ရှေ့ဆုံးကတော့ စစ်ကားတွေနဲ့ပဲ နောက်ကကားက ၆ ဘီးကား ကားအရှည်နဲ့၊ ဆန်တွေပါတယ်။ ရဲနဲ့ ပျူနဲ့က ၂၀ လောက်ပါတယ်။ စီးတာကတော့ ကား ၃ စီးလုံးကို စီးတာ။ ရလိုက်တာကတော့ နောက်ဆုံးကား ပဲ ရလိုက်တာပေါ့။ ကျန်တဲ့ကားတွေက ဝင်မလုံးနိုင်ဘူး။ အလျဉ်းသင့်တဲ့ကားကို ဝင်လုံးလိုက်တဲ့အခါ မှာ နောက်ဆုံးကားကိုပဲ ဝင်လုံးနိုင်ခဲ့တာ” ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂၅ ဦးသေဆုံးပြီး ပျူစောထီး ၃ ဦး၊ ရဲ ၂ ဦးအရှင်ဖမ်းမိ ကာ G3 အမျိုးအစားသေနတ် ၄ လက်၊ G3 ကျည် အတောင့် ၃၀၀ နှင့် ကာဘိုင်ကျည် အတောင့် ၅၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကားမှာ ချောက်ထဲသို့ ပြုတ်ကျနေသဖြင့် သယ်ယူနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
“ကားပါသိမ်းမိတာ။ ကားက ချောက်ထဲကျ ဇက်တွေကျိုးနေတာ ဘီးတွေလည်း ကျနော်တို့ ပစ်ဖောက်ပစ်ခဲ့တယ်။ ပြီးတော့ မီတာ ၁၀၀ လောက်ကနေ ကျန်တဲ့ကားတွေနဲ့ အပြန်အလှန်ပစ်နေ တယ်။ နောက်ဆုံးကားမှာက ရဲက ၇ ယောက် ၈ယောက်လောက်ပါတယ်။ ထွက်ပြေးတဲ့သူတွေ ကလည်းထွက်ပြေးတာ ထွက်ပြေးတာကို တော်တော်များတယ်။ ကားထဲမှာ အရှင်ဖမ်းမိတဲ့သူက ဖမ်းမိတယ်။ တဖက်ကလည်းနောက်ကြောင်းအေးအေးနဲ့ သိမ်းဆည်းခဲ့ရတာမဟုတ်ဘူး။ ကျန်တဲ့ ကားနှစ်စီးကလည်း အပြန်အလှန်ပစ်ခတ်နေကြရတာ” ဟု Southern YSO PDF တာဝန်ခံကိုအောင်မောင်းက ဆက်လက် ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF အဖွဲ့၏ “နတ်မိချောင်း စစ်ဆင်ရေး” စစ်ကြောင်းမှ ဦးစီးကာ Southern YSO PDF ၊ BNRA ၊ မြိုင် ပကဖ ၊ ပြည်သူ့အားမာန်၊ MVP နှင့် အလင်းတန်း ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။