နွားထိုးကြီးမြို့ပေါ်ရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိကာ လက်နက် ၂၇ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၁၁
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ လက်နက် ၂၇ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးနှင့် နွားထိုးကြီး ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ ဆောက်လုပ်ရေးရုံး စစ်တပ်စခန်း၊ ဘဏ်ရုံးစောင့်စစ်တပ်စခန်း၊ ဂစ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနှင့် လဝကရုံးနောက်ကျောရှိ အေးချောင်းထဲတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃ ဦး နှင့်အတူ လက်နက် ၂၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အခုကငြိမ်သွားပြီဆိုတာက ဒီဘက်နောက်ပြန်ဆုတ်ပေးလိုက်တာ။ ထိန်းဖို့လည်းမဟုတ်ပါဘူး။ အား စမ်းတဲ့သဘောပါပဲ။ စခတွေလည်း ပြန်ရောက်လာပြီ။ မနေ့ တစ်ခါတည်းဝင်တိုက်သိမ်းပြီးတော့ ပြန် ဆုတ်လာခဲ့လိုက်တာ၊ လေယာဉ်က ဗုံးကျဲတာတွေများတဲ့အတွက်ကြောင့်ရယ်။ ပြီးတော့ သိမ်းပြီးရင် လည်း ထိန်းဖို့က ခဲယဉ်းတယ်။ ဘာလို့ဆိုရင် အလယ်ပိုင်းလည်းဖြစ်တယ်။ နွားထိုးကြီးမြို့က နောက် ပြီးတော့ တောင်ဘက်၊ မြောက်ဘက် ၊ အနောက်ဘက်၊ အရှေ့ဘက်တွေကလည်း မြို့တွေရှိတယ် လေ။ အလယ်ကနေဆိုရင်တော့ ထိန်းထားဖို့တော့ခက်တယ်။မနေ့က နေ့လည် ၁ နာရီလောက်က တည်းက ပြန်ဆုတ်လာခဲ့လိုက်တာ” ဟု နွားထိုးကြီးပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု အလွန် အကျွံအသုံးပြုခဲ့ပြီး မြို့ပေါ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက် စစ်သား အင်အား အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ညပိုင်းတွင် ပြန်လည်ဝင်ရောက်တပ် စွဲခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း Natogyi People Defence Force ၊ မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်း ၊ နွားထိုးကြီးမြို့နယ် ပကဖ ၊ တံတားဦးမြို့နယ်ပကဖနှင့် မြင်းခြံခရိုင်ဒရုန်း တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ ကြောင်း သိရသည်။