အမေရိကန် တစ်ဒေါ်လာလျှင် ၆၂၅၀ ကျပ်နှင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၆ သိန်း ၅ သောင်းအထိ စံချိန်တင် အသီးသီးမြင့်တက်နေ
ရန်ကုန်၊ ဩဂုတ် ၁၂
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၆၂၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၆ သိန်း ၅ သောင်းအထိ စံချိန်တင် အသီး သီးမြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဩဂုတ်လ ၉ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် တစ်ဒေါ်လာလျှင် ငွေ ကျပ် ၆၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဆက်လက်မြင့်တက်လျက်ရှိရာ ဩဂုတ်လ ၁၂ ရက်နေ့ တွင်လည်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၂၅၀ ကျပ်ဝန်းကျင်တွင် စျေးရှိနေကြောင်း သိရှိရသည်။
“အရွက်စျေးကတော့ အတက်ချည်းပဲ။ ပြန်ကျနိုး ပြန်ကျနိုးနဲ့ ပြန်မကျတဲ့အပြင် တစ်နေ့တခြား ပိုပြီးတော့ စျေးက တက်နေတယ်။ အခုသိရသလောက်တော့ ဆီ(စက်သုံးဆီ)သမားတွေရော၊ Import သမားတွေ ၊ တပ်နဲ့ ဆက်နွယ်တဲ့ စီး ပွားရေး အသိုင်းအ၀ိုင်းကရော စျေးကွက်ထဲက ဒေါ်လာတွေကို ပြန် ဆင်းဝယ်တယ်လို့ ပြောတယ်။ ရသမျှ အကုန်ပြန်ဝယ်လို့ ကြားတယ်။ အဲဒါကြောင့် ပြန်မကျဘဲ ဒေါ်လာမာနေတာလို့ သိရတယ်။ Demand အဝယ်များနေရင်တော့ စျေးက တက်နေဦးမှာပဲ” ဟု ရန်ကုန်မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။
အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်မှုနှင့်အတူ အခေါက်ရွှေစျေးနှုန်းမှာလည်း ဆက်လက်မြင့်တက်လျက်ရှိပြီး ၁၆ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၇၆ သိန်း ၅ သောင်း အထိ စံချိန်တင် စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
“ရွှေကတော့ မီးလင်းစျေးကွက်ထဲမှာတော့ ကုန်သည် သိပ်မရှိဘူး။ စျေးနှုန်းတွေ ပရမ်းပတာဖြစ်တော့ မီးလင်းစျေးကွက်တော့ ငြိမ်ကျသွားတယ်။ ရွှေအသင်း သတ်မှတ်စျေးနဲ့ကလည်း မီးလင်းစျေးကွက်ထဲမှာ အဝယ်အရောင်းက မရှိသလောက်ပါပဲ။ အပြင်စျေးက အရမ်းတက်နေတာ့ ကုန်သည်တွေလည်း အစစ် အဆေး အမေးအမြန်းခံရမှာစိုးတော့ အရောင်း အဝယ်ကို ပေါ်တင် မလုပ်ဘူး။ ရွှေစျေးက မကြားဖူးတဲ့စျေးတွေဖြစ်နေတယ်” ဟု ရန်ကုန်မှ ရွှေကုန် သည်တစ်ဦးက ပြောဆိုသည်။