နောင်ချို နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ၁၇ ကြိမ်ကျဲချတိုက်ခိုက်၊ သီပေါမြို့ပေါ်ကို TNLA တပ်က ထိန်းချုပ်ထားပြီး စစ်ကောင်စီလေယာဉ်ကို ပစ်ခတ်ရန် ပြင်ဆင်မှုများရှိ
ရန်ကုန်၊ ဩဂုတ် ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၁၇ ကြိမ်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း – ၂ ၊ ၅၂ ရက်မြောက်နေ့တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးတဝိုက်၌ တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် တပ်မ ၉၉ လက် အောက်ခံ ခမရ ၃၀၂ တပ်ရင်း၊ အရှေ့ မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၂၅ တပ် ရင်း ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၀၆ တပ်ရင်းတို့နှင့် TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နောင်ချိုမြို့နယ်တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၁ ကြိမ် ဗုံး ၂ လုံး လာ ရောက်ကျဲချခဲ့ကြောင်း သိရသည်။
အလားတူ သီပေါမြို့၌ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၃တပ်စခန်းနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁၆ ကြိမ်ကို ဗုံးသီး ၁၁၃ လုံး လာရောက်ကျဲချခဲ့ကြောင်း သိရသည်။
ထို့အတူ လက်ရှိတွင် သီပေါမြို့ပေါ်ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး ဗုံးလာကျဲသော စစ်ကောင်စီလေယာဉ်ကို TNLA က ပြန်လည် ပစ်ခတ်ရန် ပြင်ဆင်မှုများရှိကြောင်း သိရှိရသည်။