KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၂၀ ဦး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၇
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ မူတြော်ခရိုင်တွင် ၁၅ ရက်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ အမှတ်၅ တပ်မဟာနှင့် အကြမ်းဖက် စစ်တပ်တို့အကြား တိုက်ပွဲပေါင်း ၅၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ အမှတ်၅ တပ်မဟာ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစုံတရာ မရှိကြောင်း သိရှိရသည်။
ယင်းထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် ရိက္ခာများ လေယာဉ်ဖြင့် ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် က လက်နက်ကြီးဖြင့် ၅ ကြိမ်ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၁ ဦးနှင့် နွားတစ်ကောင် ထိခိုက်ဒဏ် ရာရရှိခဲ့ကြကြောင်း သိရသည်။