25.4 C
Yangon

မုံရွာတွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်သင်္ဘောအုပ်စု ရောက်ရှိနေ၊ ဝက်လက်ရှိ သစ်ဆိပ်ရွာကို စစ်တပ်က မီးရှို့နေပြီး မတ္တရာတွင်လည်း လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်

Must read

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်သင်္ဘောအုပ်စု ရောက်ရှိနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ (ဇူလိုင်လ ၄ ရက်) တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် ဖလပ်မော်တော်များနှင့် စစ်သင်္ဘော ပထမအကြိမ် ၂၆ စီးနှင့် ဒုတိယအကြိမ် ၁၆ စီးတို့သည် မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“စစ်သင်္ဘောတွေ ဝင်လာတဲ့အချိန်မှာ ပြည်သူတချို့ တိမ်းရှောင်တာတော့ ရှိပါတယ်။ အစီးတွေ တော်တော်များတယ်။ လက်နက်ခဲယမ်းတွေ တင်လာတယ်လို့တော့ သိရတယ်။ အခုတော့ အလုံမင်းဒေါင့်ဆိပ်ကမ်းမှာ ကမ်းကပ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း Wetlet Information Network ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ ဇူလိုင်လ ၄ ရက် ညနေ ၆ နာရီကျော်ခန့်တွင် ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိပ်ကျေးရွာအတွင်း ရောက်ရှိနေသော စစ်သားများသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ပြီးခဲ့သည့် မတ်လပိုင်းကလည်း သစ်ဆိပ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်တောင်ခြမ်းရှိ သဖန်းဒေါင့်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က ယနေ့ ဇူလိုင်လ ၄ ရက် ည ၈ နာရီခန့်တွင် ကျေးရွာအနီးအနားသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဝက်လက်နယ်ထဲက သစ်ဆိပ်ရွာကို စစ်တပ်က အခုညနေပိုင်းကစပြီး မီးရှို့နေတာ။ နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူး။ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ နောက်ပြီး မတ္တရာမြို့နယ်ထဲမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ပြည်သူတွေ တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာကို စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ် ၁ စီးက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article