25.4 C
Yangon

လွိုင်ကော်မြို့ ဒကစမှူးက တစ်အိမ် တစ်ယောက် စစ်မှုထမ်းပေါ်တာဆွဲရန်ညွှန်ကြား၊ ဝမ်းတွင်း၊ မိတ္ထီလာနှင့် သဲတောတို့တွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁၂ တန်းကျောင်းသားတစ်ဦးကို ငွေကျပ်သိန်း ၁၀၀ ဖြင့် လူစားထိုးခိုင်း

Must read

ရန်ကုန်၊ ဇူလိုင် ၄

ကရင်နီပြည်၊ လွိုင်ကော်မြို့အခြေစိုက် ဒကစ မှူးက စစ်ကြောင်းမှူးများအားလုံးကို ခေါ်ယူပြီး လွိုင် ကော်မြို့အပါအဝင် ထိန်းချုပ်နယ်မြေအတွင်းရှိ နေအိမ်များမှ တစ်အိမ် တစ်ယောက် စစ်မှုထမ်းပေါ်တာ ဆွဲရန် ညွှန်ကြားထားကြောင်း စစ် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြား သည်။

ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် လွိုင်ကော်မြို့အခြေစိုက် ဒေသကွက်ကဲမှု စစ် ဌာနချုပ် -ဒကစမှူးက ဖယ်ခုံ/မိုးဗြဲစစ်ကြောင်းမှူးများအပါအဝင် ကရင်နီပြည် နယ်အတွင်းရှိ စစ်ကြောင်းမှူးများအားလုံးကို အစည်းအဝေးခေါ်ယူကာ လွိုင်ကော်မြို့အပါအဝင် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ နေအိမ်များမှ တစ်အိမ်တစ်ယောက် စစ်မှုထမ်းဆင့်ခေါ်ရန်ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ဒီနေ့ ဒကစထဲမှာ အရေးပေါ် အစည်းအဝေးခေါ်တယ်။ ဖယ်ခုံ/မိုးဗြဲ စစ် ကြောင်းမှူး၊ တပ်ရင်းမှူး အကုန်အစုံပဲ၊ အစည်းအဝေးက ပြည်သူတွေ တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရမယ့် ဆင့် ခေါ်စာနဲ့ ခေါ်ရမယ်လို့ ညွှန်ကြားတယ်၊ တပ်ထဲမှာ လူအင်အားကနည်းနေပြီ။ မိုးဗြဲကို ကာဖို့ အတွက် လည်း ပြည်သူတွေကို‌ ခေါ်တော့မယ်၊ အရင်က ဖမ်းမိထားတဲ့သူတွေ၊ ဆင့်ခေါ်စာနဲ့ခေါ်ပြီးသားတွေ ရော မဖြစ်မနေ စစ်မှုထမ်းခေါ်ထမ်းဖို့ အမိန့်ချလိုက်ပါပြီ” ဟု စစ်တပ်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယခင်က ဖမ်းမိထားသော လူငယ်များကိုလည်း စစ်ဆေးမေးမြန်းကာ ရခိုင်ပြည်နယ် ရှေ့တန်းစစ်မြေ ပြင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း၊ စစ်တပ်အတွင်း၌လည်း သတင်းပေါက်ကြားမှုများရှိနေသဖြင့် စစ်ဆေး ရေးတင်းကြပ်ထားကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်းအတွင်းရှိ ဝမ်းတွင်း၊ မိတ္ထီလာ၊ သဲတောနှင့် မလှိုင်မြို့နယ်တစ်ဝိုက်တွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ လူငယ်များကို နည်းမျိုးစုံဖြင့် ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေကြောင်း Voice Of Wundwin ထုတ်ပြန်ချက်နှင့် ဒေသ ပြည်သူများ ပြောဆိုချက်အရ သိရသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တပ်စွဲထားသည့် စစ်သားများသည် သခွပ်မြင့်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး မြင့်နိုင်၏ လမ်းညွှန်မှုဖြင့် နေအိမ်များပေါ် အထိ တက်ရောက်ကာ မိသားစုနှင့်အတူ အိပ်ပျော်နေသည့် ၈ တန်းကျောင်းသားတစ်ဦးနှင့် ပြီးခဲ့သည့်ရက်ပိုင်းကမှ မလှိုင်မြို့တွင် ၁၂ တန်းစာမေးပွဲ အောင်မြင်ထားသည့် ကျောင်းသားတစ်ဦးတို့ကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ၈ တန်းကျောင်းသားငယ်အား အသက်မပြည့်သေးဟုဆိုကာ လက်ပြန်ကြိုးတုတ်လျက် ပြန်လွှတ်ပေးခဲ့သော်လည်း ၁၂ တန်းကျောင်းသားကိုမူ ဆက်လက်ဖမ်းဆီးထားသဖြင့် ၎င်း၏မိသားစုက ငွေကျပ်သိန်း ၁၀၀ ခန့်ပေး၍ လူစားလဲကာ ပြန်လည်ခေါ်ယူခဲ့ရကြောင်း သိရသည်။

မြင့်နိုင်သည် အာဏာသိမ်းစဉ်က စတင်ပြီး အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူဖြစ်ကာ ၎င်း၏သမီးဖြစ်သူမှာလည်း ထွေ/အုပ်ရုံးတွင် လုပ်ကိုင်နေကြောင်း၊ ၎င်းမကျေနပ်သည့် နေအိမ်များကို စစ်တပ်အား ခေါ်ယူဖမ်းဆီးခိုင်းခြင်း၊ တစ်အိမ်လျှင် လစဉ် စစ်မှုထမ်းကြေး ငွေကျပ် ၂ သောင်း တောင်းခံကာ စစ်တပ်နှင့် ခွဲဝေသုံးစွဲခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ဝမ်းတွင်းမြို့ သိမ်တောင်ပေါ်သို့ စစ်တပ်များ ဝင်ရောက်လာပြီး လူငယ်တစ်ဦးနှင့် ကန်ဘောင်ပေါ်တွင် လမ်းလျှောက်နေသည့် လူငယ် ၂ ဦး စုစုပေါင်း လူငယ် ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနှင့် မိတ္ထီလာမြို့နယ်အကြား ပင်းတလဲ – မိတ္ထီလာ လမ်းမပေါ်တွင်လည်း နေ့စဉ် လူပြတ်သည့်အချိန်တိုင်း မိတ္ထီလာ ပလစ (၁၁၃) မှ စစ်သားများ ကားဖြင့်ရောက်ရှိလာကာ လမ်းပိုင်းနှစ်နေရာခွဲ၍ ဖြတ်သန်းသွားလာသည့် လူငယ်များကို ညှပ်ပိတ်ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ မလှိုင်မြို့နယ်၊ ကုက္ကိုလ်ခါးလှကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးဟောင်း သက်ဦး သေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်က ခန့်အပ်ထားသည့် အရက်ဆိုင်ပိုင်ရှင် အုပ်ချုပ်ရေးမှူး အသစ်ဖြစ်သူ မောင်ကြည်သည် ပင်းတလဲစခန်းမှ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းကာ ရွာထဲရှိ နေအိမ်များကို ၄ လလျှင် တစ်ကြိမ် ငွေကျပ် ၆ သောင်း တောင်းခံနေကြောင်း သိရသည်။ ၎င်းအပြင် ရွာထဲရှိ လူငယ်များကိုလည်း မထင်ရင်မထင်သလို ဖမ်းဆီးကာ ၎င်း၏နေအိမ်၌ နေ့စဉ် လာရောက်အရက်သောက်၊ ဖဲရိုက်တတ်သည့် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်း၍ ပေါ်တာဆွဲနေ၍ ရွာထဲရှိ လူငယ်အများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ငွေကြေးမတတ်နိုင်သည့် မိသားစုများမှာ ဆပ်ကြေးငွေကြောင့် အခက်အခဲဖြစ်ပေါ်နေရသည်။

သဲတောမြို့ပေါ်တွင်လည်း ပြီးခဲ့သည့် တစ်ပတ်အတွင်း ညည့်နက်ပိုင်းအချိန်များ၌ စစ်ကောင်စီတပ်က အိမ်ပေါ်အထိ တက်ရောက်ကာ အကြောင်းရှာ ဖမ်းဆီးမှုများကြောင့် အနည်းဆုံး လူငယ် ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ၎င်းတို့ကို စစ်မှုထမ်းစာရင်းတွင် မပါဝင်ဘဲ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲကာ သံလမ်းအရှေ့ဘက်ရပ်ကွက်မှ ၂ ဦး၊ ကံသာရပ်ကွက်မှ ၂ ဦးနှင့် ထိပ်ထားအောင်တောင်ဘက်ရပ်ကွက်မှ ၁ ဦး၊ စုစုပေါင်း ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article