ရန်ကုန်၊ ဇူလိုင် ၄
မြန်မာစစ်တပ်၏ သွင်းကုန်ပိတ်ဆို့ထိန်းချုပ်ရေးမူဝါဒများကြောင့် ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီး မည်သူ့ကိုမျှ အကျိုးမပြုသည့် ဆိုးရွားသော စီးပွားရေးဝန်းကျင်တစ်ရပ် ဖြစ်ပေါ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က လူမှုကွန်ရက်မှတစ်ဆင့် သတိပေးပြောကြားသည်။
လတ်တလောတွင် လိုအပ်သည့် အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က ရောင်းချပေးရန် မလိုအပ်ဘဲ ပြင်ပမှ ကိုယ်တိုင်ဒေါ်လာရှာဖွေကာ သွင်းကုန်တင်သွင်းခွင့်ပြုရန် စီးပွားရေးလုပ်ငန်းရှင်အချို့က အကြံပြုနေသော်လည်း ယင်းနည်းလမ်းမှာ မူလပြဿနာကို မဖြေရှင်းနိုင်သည့် ယာယီဖြေရှင်းနည်းသာဖြစ်ကြောင်း ဦးဆက်အောင်က သုံးသပ်သည်။
“ဒါလည်း မှန်ကန်တဲ့ ပေါ်လစီတစ်ခု မဟုတ်သေးပါဘူး။ လိုအပ်တဲ့ ဒေါ်လာမရောင်းပေးချင်လို့ သွင်း ကုန်ကို ကန့်သတ်ထားတဲ့ ပြဿနာကို အမြန်ထွက်ပေါက်ရှာတဲ့ ဆေးမီးတိုနည်းတစ်ခုပဲ ဖြစ်ပါတယ်” ဟု ဦးဆက်အောင်က ပြောဆိုသည်။
၎င်းက လက်ရှိမူဝါဒကို သဘာဝအတိုင်း စီးဆင်းနေသည့် ချောင်းရေကို ပိတ်ဆို့ထားပြီး ဘေးပေါက်များမှသာ ရေစီးခွင့်ပြုနေသည့် အခြေအနေနှင့် နှိုင်းယှဉ်ကာ မူလပိတ်ဆို့မှုကိုသာ ဖယ်ရှားရမည်ဖြစ်ကြောင်း ရှင်းပြသည်။
ထို့ပြင် ဒေါ်လာရှားပါးမှုကို အကြောင်းပြချက်အဖြစ် အသုံးပြုနေသော်လည်း ပို့ကုန်ရငွေ၏ ရာခိုင်နှုန်းတစ်ခုကို သတ်မှတ်ဈေးဖြင့် မဖြစ်မနေ ရောင်းချခိုင်းသည့်မူဝါဒ၊ ပြည်ပရောက် မြန်မာလုပ်သားများ၏ ဝင်ငွေတစ်စိတ်တစ်ပိုင်းကို ပြည်တွင်းသို့ မဖြစ်မနေ ပြန်လွှဲခိုင်းသည့် မူဝါဒများကြောင့် နှစ်စဉ် နိုင်ငံခြားငွေ အများအပြား စနစ်အတွင်း ဝင်ရောက်နေကြောင်းလည်း ထောက်ပြသည်။
သို့သော် ယင်းမူဝါဒများကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အခက်အခဲကြုံရခြင်း၊ ပြည်ပရောက်မြန်မာလုပ်သားများ ထိခိုက်နစ်နာခြင်း၊ ပြည်တွင်းဒေါ်လာရှားပါးလာခြင်း၊ ငွေလဲနှုန်း မတည်ငြိမ်ခြင်းနှင့် သွင်းကုန်သာမက ပြည်တွင်းထုတ်ကုန်များ၏ ဈေးနှုန်းများပါ မြင့်တက်လာခြင်းတို့ကို ဖြစ်စေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုသာ အကျိုးရှိစေသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။
“ဘယ်သူ့ကိုမှ အကျိုးမပေးဘဲ စီးပွားရေးဝန်းကျင်ကို ပိုဆိုးစေတဲ့ ပေါ်လစီတွေ ဖြစ်နေတောင်မှ ‘သက်ဆိုင်ရာ Stakeholder တစ်ရပ်အတွက် ဒေါ်လာဝင်ငွေ ပိုများစေလို့ မပြင်နိုင်ဘူး’ လို့ ပြောရင်တောင် အကြောင်းရင်းကို နားလည်အောင် ကြိုးစားလို့ ရနိုင်ပါသေးတယ်။ ဒါပေမယ့် ‘ကုန် သွယ်ရေးလိုငွေ လျော့စေဖို့’ ဆိုတဲ့ အကြောင်းပြချက်ကတော့ လက်တွေ့စီးပွားရေးနဲ့ မကိုက်ညီဘဲ ရယ်စရာကြီး ဖြစ်နေပါတယ်” ဟု ဦးဆက်အောင်က ဝေဖန်ပြောဆိုသည်။
ဦးဆက်အောင်၏ အဆိုအရ ကုန်သွယ်ရေးလိုငွေကို လျှော့ချလိုပါက သွင်းကုန်ပိတ်ဆို့ခြင်းထက် ပို့ကုန်တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းအတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ စက်မှု မူဝါဒ၊ ငွေရေးကြေးရေးမူဝါဒနှင့် ကုန်သွယ်ရေးမူဝါဒတို့ကို အပြန်အလှန်ညှိနှိုင်းကာ ရေရှည်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။
လက်ရှိ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကလည်း ယင်းမူဝါဒများ၏ အားနည်းချက်ကို မသိ၍ မဟုတ်ဘဲ ပြောင်းလဲရန် မလွယ်ကူသည့် အခြေအနေကို နားလည်ထားသောကြောင့် အလယ် အလတ် ဖြေရှင်းနည်းများကိုသာ အကြံပြုနေကြခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“တကယ်တမ်းတော့ အခုလို ဆေးမီးတိုနည်းလမ်းတွေနဲ့ မြန်မာ့စီးပွားရေးဝန်းကျင်ကို ရေရှည်ကောင်း မွန်အောင် လုပ်လို့မရပါဘူး။ ပြဿနာကို ခဏဖုံးထားနိုင်ရုံသာ ရှိပြီး ရေရှည်မှာတော့ စီး ပွားရေးဝန်းကျင်ကို ပိုပြီး ဆိုးရွားသွားစေနိုင်ပါတယ်” ဟု ဦးဆက်အောင်က သတိပေးပြောကြားသည်။
ဦးဆက်အောင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် ထောင် ဒဏ် ၃ နှစ် ချမှတ်ခဲ့ရ ကာ ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဓာတ်ပုံ- ဆင်ဟွာ။




