27 C
Yangon

နေပြည်တော်၊ ကျောက်ဆည်၊ ရေနံချောင်း၊ ဆားမလောက်နှင့် ညောင်တုန်းတို့တွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုနှင့် စစ်မှုထမ်းရန် မဖြစ်မနေ ဆင့်ခေါ်မှုများ ဖြစ်ပွားနေ၊ ပဲခူးတိုင်း၊ မြို့နယ် ၅ ခုတွင် လူငယ် ၁၄၅ ဦး ပေါ်တာဆွဲဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်၊ ကျောက်ဆည်၊ ရေနံချောင်း၊ ဆားမလောက်၊ ညောင်တုန်း နှင့်ပဲခူးတိုင်းတို့တွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် ပေါ် တာဆွဲဖမ်းဆီးမှုနှင့် စစ်မှုထမ်းဆောင်ရန် မဖြစ်မနေ ဆင့်ခေါ်မှုများဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

လာမည့် စက်တင်ဘာလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၅ အတွက် တပ်သားသစ်များ ပြည့်မီခြင်းမရှိသည့်အတွက် နိုင်ငံတစ်ဝန်းတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ၊ စစ်မှုထမ်းရန် အတင်းအကျပ် ဆင့်ခေါ်မှုများစွာ ဖြစ် ပွားနေရာ နေပြည်တော်တွင်လည်း ယင်းကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားနေကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နေပြည်တော်၊ ဥတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးကုန်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့က တစ်အိမ်တယောက်ဆင့်ခေါ်ပြီး အစည်းအဝေး ခေါ်ယူကြောင်း၊ ယင်းအစည်း အဝေးတွင် အသက် ၃၆ နှစ်မပြည့်သေးသော အမျိုးသား၊ လူငယ်တိုင်း မဖြစ်မနေ စစ်သင်တန်းတက်ပြီး စစ်ထဲဝင်ရမည်ဖြစ်ကြောင်း ပြောဆိုကြောင်း၊ စစ်မှု ထမ်းရန် အလှည့်မကျသေး သူများသည် စစ်မှုထမ်းသွားသည့် သူများကို ထောက် ပံ့ရမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“အသက် ၃၆ နှစ် မပြည့်သေးတဲ့လူငယ်တွေ အားလုံး စစ်တပ်ထဲ စစ်သင်တန်းတတ်ဖို့ စာရင်းပေးခိုင်းတယ်။ အစည်းအဝေးခေါ်ပြီး ပြောတယ်။ မကျီးကုန်းအုပ်စု၊ ရှောက်ကုန်းအုပ်စု၊ ကံကြီးအုပ်စု၊ ကင်းသာအုပ်စုတွေမှာရောပဲ။ နောက် ပြီး စစ်မှုထမ်းဖို့ အလှည့်မကျသေးရင် တစ်အိမ် တစ်သောင်း လစဉ်ပေးရမယ်လို့လည်းပြောတယ်။ အုပ်ကြီးတွေက စစ်တပ်ထောက်ခံတဲ့သူတွေပဲ။ ခုလက်ရှိအုပ်ကြီးလုပ်နေတဲ့သူတွေက အရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက အုပ်ကြီးတွေပဲ ပြန်တက်လုပ်နေကြတာ။ လူငယ်တွေတော်တော်များများကတော့ ရွာမှာ သိပ်မရှိကြတော့ဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် မြို့ပေါ်ရော ကျေးရွာများတွင်ပါ စစ်တပ်က နေ့ခင်းနှင့် ညပိုင်းအချိန်များတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ် ဆောင်နေကြောင်း သိရှိရသည်။

“ကျောက်ဆည်မြို့နယ် သင်ပျိုကျေးရွာ ရဲ့ လူနာတင်ပရဟိတကားကို စစ်ခွေးတွေက ယူသွားတယ်။ အဲဒီကားနဲ့ ကျေးရွာတွေမှာ ပတ်ပြီး ပေါ်တာဆွဲတာတွေ လုပ်နေတာ တစ်ပတ်လောက်ရှိပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူပင် ကျောက်ဆည်မြို့၊ တံစိုးဂိတ်တွင် စစ်တပ်က လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း၊ ငွေကြေးပေးနိုင်သူများ ပြန်လည် လွတ်မြောက်ပြီး ငွေမပေးနိုင်သူများ စစ်သင်တန်းထဲသို့ ပို့ဆောင်ခံရကြောင်း၊ နေ့စဉ် လူငယ် ၂၀ မှ ၃၀ ဦးဝန်းကျင် ပေါ်တာဆွဲခံနေရကြောင်း၊ ကျောက်ဆည်မြို့နယ်၊ သစ်ကြီးတန်းရပ်ကွက်တွင်လည်း စစ်တပ်က ပေါ်တာဆွဲမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာအုပ်စု ပင်းဝရွာတွင် စစ်သားများက အရပ်ဝတ်များဖြင့် စစ်မှုထမ်းသင်တန်းအတွက် လူငယ် ၂ ဦးကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ ထို့အတူ ချောက်မြို့နယ် အိုးဘိုရွာတွင်လည်း လူငယ် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်း၊ ညောင်းတုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာနှင့် ကွမ်းသီပင်ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းရန် ဆင့်ခေါ်နေကြောင်း သိရှိရသည်။

“ဩဂုတ်လ ၂၀ ရက်နေ့မှာ ညောင်တုန်းမြို့နယ် ကွမ်းသီးပင် အုပ်စု အုပ်ကြီးဟောင်း အောင်တင်ဦး နဲ့ အုပ်ကြီးအသစ် ရဲနိုင် စိုး နဲ့ အပေါင်း အပါတွေက ဝဲငယ်ကံစုရွာနေအိမ် မှ လူငယ် ၁ ဦးကို စစ်မှုထမ်းဖို့ အတင်း အဓမ္မ ဖမ်းဆီးခေါ်သွား ပါတယ်။ မိဘက ခွင့်မပြုချက်မပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်းတွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများ စစ်ကောင်စီဘက်က အရှိန် အဟုန် မြှင့်လုပ်ဆောင်နေပြီး လက်ရှိတွင် ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော စာရင်းဇယားများအရ လက်ပံတန်းမြို့နယ်တွင် လူငယ် ၃၀ ဦး ကျော်၊ မင်းလှမြို့နယ်တွင် လူငယ် ၅၀ ဦးကျော်၊ အုတ်ဖိုမြို့နယ်တွင် လူငယ် ၃၀ ဦး ကျော်၊ ကြို့ပင်ကောက်တွင် လူငယ် ၂၀ ဦးကျော်၊ ဇီးကုန်းမြို့နယ်တွင် လူငယ် ၁၅ ဦး စုစုပေါင်း ၁၄၅ ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်၏ အတင်းအကျပ် စေခိုင်းမှုကြောင့် စစ်မှုထမ်း သင် တန်းတက်နေရသည့် လူငယ်များနှင့် အမျိုးသားများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်၏ အတင်းအကျပ် စေခိုင်းမှုကြောင့် စစ်မှုထမ်း သင် တန်းတက်နေရသည့် လူငယ်များနှင့် အမျိုးသားများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article