လက်ပံတန်းမြို့နယ်၊ မအူတန်းရွာမှ ငှက်ပျော်တုံးရွာကို ဆန်အိတ် သွားပို့သည့် ဆိုင်ကယ်ကယ်ရီ သမား ၃ ဦးကို စစ်တပ်က PDF ထောက်ပို့ဟု စွပ်စွဲ ဖမ်းဆီးပြီး ကျင်းတူးခိုင်း၍ ပစ်သတ် မြေမြုပ်
ရန်ကုန်၊ ဩဂုတ် ၂၅
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မအူတန်းရွာမှ ငှက်ပျော်တုံးရွာကို ဆန်အိတ် သွားပို့သည့် ဆိုင်ကယ်ကယ်ရီ သမား ၃ ဦးကို အကြမ်းဖက် စစ်တပ်က PDF ထောက်ပို့ဟု စွပ်စွဲ ဖမ်ဆီးပြီး ကျင်းတူးခိုင်း၍ ပစ်သတ် မြေမြုပ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ် ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ မအူတန်းရွာမှ ငှက်ပျောတုံးရွာကို ဆန်အိတ် ၂ အိတ် တင်ဆောင်၍ ဆိုင်ကယ် ၃ စီးဖြင့် သွားရောက်ပို့ဆောင်သူ ကယ်ရီ သမား ၃ ဦး ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက PDF ထောက်ပို့ဟု ဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ် ကယ်ရီသမား ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျင်းတူးခိုင်းပြီး ပစ်သတ်ကာ ရုပ်အလောင်းများကို မြေမြုပ်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော ကယ်ရီသမား ၃ ဦးသည် မင်းလှမြို့နယ် ငလှစမ်းရွာမှ ကိုကျော်သက် ၊ လက်ပံတန်းမြို့နယ် မအူတန်းရွာမှ မဇင်မာ၏ အမျိုသား ဖြစ်သူနှင့် အမည်မသိ ပြည်သူတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
“စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့သူ ၃ ဦးလုံးက ပြည်သူတွေပါ။ မအူတန်းရွာကနေ ငှက်ပျောတုံးရွာကို ဆန်အိတ်သွားပို့ကျတာ အဲတာကို စစ်ခွေးတွေက PDF ထောက်ပို့ဆိုပြီး ရိုက်နှက် ဖမ်းဆီးတာ ကယ်ရီသမား ၃ ဦးလုံးကို သတ်ဖြတ်သွားတယ်။ သူတို့ကို မသတ်ခင် စစ်ခွေးတွေက ကျင်းတွေတူးခိုင်းတယ်။ ပြီးတော့မှ ပစ်သတ်ပြီး မြေမြုပ်သွားတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။
ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဩဂုတ်လ ၂၄ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာ အနီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။